တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ရာရောက်တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ရင် အင်န်အယ်လ်ဒီအနေနဲ့ ဖက်ဒရယ်စနစ်ကို တကယ်လိုလားရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက ဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ရေးနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်အတွင်း အတော်လေး ပြင်းထန်တဲ့ အငြင်းအခုံ တစ်ခု ဖြစ်ပါတယ်။
လွှတ်တော်တွင်း ငြင်းခုံမှုတင် မကပါဘူး။ အဲဒီ ဥပဒေကို ပြည်သူ့လွှတ်တော်ဘက်က အတည်ပြုပြီး အမျိုးသား လွှတ်တော်ဘက် ရောက်လာစဉ် ဥပဒေကြမ်း ကော်မတီအတွင်း ဆွေးနွေးစဉ်မှာရော၊ လွှတ်တော်တွင်း ပထမအဆင့် ဆွေးနွေးပြီးလို့ ဥပဒေကြမ်း ကော်မတီလက်ထဲ ဒုတိယအကြိမ် ပြန်ရောက်သွားစဉ်မှာရော အချေအတင် ငြင်းခုံခဲ့ကြတဲ့ ဥပဒေ ဖြစ်ပါတယ်။
အဲဒီ ဥပဒေကတော့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေ ဖြစ်ပြီး အင်န်အယ်လ်ဒီ အုပ်စုဘက်က တင်သွင်းတဲ့ ဥပဒေအဖြစ် နားလည်နိုင်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ဒီဥပဒေ အတည်ပြုဖို့ ငြင်းခုံတဲ့ဆီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ပြည်ခိုင်ဖြိုးအမတ်တွေ၊ ရခိုင်အမတ်တွေနဲ့ တိုင်းရင်းသားအမတ် တချို့ အဲဒီဥပဒေကို အတည်ပြုရေး ထောက်ခံတဲ့ အင်န်အယ်လ်ဒီအုပ်စုဘက်ကို ဖက်ဒရယ်စနစ် မလိုလားသူတွေ၊ ပြည်နယ်လွှတ်တော်တွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားသူတွေအဖြစ် စွပ်စွဲခဲ့ကြလို့ပါပဲ။ ဒါဟာ တကယ်ပဲ မျက်စေ့လည်စရာကောင်းတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ အုပ်စုဟာ တကယ်ပဲ ဖက်ဒရယ်စနစ် လိုလားသူတွေ ဟုတ်ရဲ့လားဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။
လွှတ်တော်တွင်းမှာ အဲဒီဥပဒေကို ဘာကြောင့် တင်သွင်းရတာလဲ ဆိုတာနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ အုပ်စုဘက်က သိပ်ပြီး တိတိကျကျ မပြောပါဘူး။ လွှတ်တော်တွင်းမှာတော့ ဒီဥပဒေသာ ပြဋ္ဌာန်းလိုက်ရင် ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ခုနဲ့ ၁၄ ခုသော တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာမယ်၊ လွှတ်တော် တစ်ခုချင်းစီအလိုက် လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုကောင်းလာမယ်လို့ အင်န်အယ်လ်ဒီအမတ်တွေက ပြောကြပါတယ်။
ဒါပေမဲ့ သူတို့ ထုတ်မပြောတဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ပြည်နယ် လွှတ်တော် တချို့ဟာ ဗဟိုအစိုးရရဲ့လုပ်ရပ်၊ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် လွှတ်တော်ရဲ့ သဘောထားနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဖူးပြီး အဲလိုကိစ္စတွေ နောင်ဖြစ်ပေါ်မလာအောင်၊ ဒါမှမဟုတ် ဖြစ်ပေါ်လာရင်လည်း ပြန်ပြီး ကိုင်တွယ်လို့ရအောင် အခုဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစားတာလို့ ခန့်မှန်းနိုင်ပါတယ်။
နမူနာတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်း ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ မန္တလေး- လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမကြီးကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အဲဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြု သတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေဆဲကာလမို့ ပြည်ထောင်စုအဆင့် လွှတ်တော်က အဲလို သတ်မှတ်မှုမျိုး လက်မခံပါဘူး။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကိုခေါင်းဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့၊ တာဝန်ပေး စေခိုင်းတဲ့အခါ အဲဒါကို ရခိုင်ပြည်နယ်လွှတ်တော်က သဘောမတူပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဘူးလို့လည်း ဆုံးဖြတ်ပါတယ်။
အဓိပ္ပာယ်ကတော့ ဒီအဖွဲ့ကို ပြည်ထောင်စုအဆင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေက ဦးဆောင်မှာဖြစ်ပြီး ဆွေးနွေးရရှိချက်တွေကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေက လိုက်နာရမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်။
သိပ်မကြာသေးခင်တုန်းက ကချင်ပြည်နယ်လွှတ်တော်ဟာ သူ့ပြည်နယ်ထဲက လိုင်စင်မဲ့ကားတွေကို သတ်မှတ်ထားတဲ့ အခွန်အခ ကောက်ခံပြီး မှတ်ပုံတင်ပေးဖို့၊ လိုင်စင်ထုတ်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုတစ်ခု အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရက အဲဒါကို သဘောမတူတဲ့အတွက် ကချင်ပြည်နယ်လွှတ်တော်က အဲဒါကို အကောင်အထည်ဖော်လို့ မရပါဘူး။ အခုဖော်ပြခဲ့တဲ့ ပြဿနာမျိုးတွေကို ကိုင်တွယ်ဖို့အတွက် အင်န်အယ်လ်ဒီအုပ်စုဟာ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပုံရပါတယ်။
အဲဒီ ဥပဒေကြမ်းထဲမှာပါတဲ့ အရေးကြီးအချက်တွေက ဥပဒေ အတည်ပြု၊ ပြဋ္ဌာန်း အသက်ဝင်လာပြီးရင် ပြည်ထောင်စုလွှတ်တော်ကနေ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ကို ဖွဲ့စည်းပါမယ်။ အဲဒီအဖွဲ့ကို ခေါင်းဆောင်မှာက ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေဖြစ်ပြီး ကျန် ပြည်နယ်နဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌတွေက အဖွဲ့ဝင်အဖြစ်လောက်ပဲ ပါကြရမှာပါ။
အဲဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အရေးကြီးတာ သုံးခု ပါပါတယ်။ ပုဒ်မ ၈ (ခ) မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်း မရှိစေဘဲ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှှိုင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း ။ နောက် ပုဒ်မ ၈(ဂ) မှာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များ ဆက်နွှယ် အကျုံးဝင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှှိုင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း။ ပုဒ်မ ၁၁ မှာ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော်အဖွဲ့သို့ ပြန်လည် အစီရင်ခံရမည်ဆိုပြီး ပါဝင်ပါတယ်။
အဓိပ္ပာယ်ကတော့ ဒီအဖွဲ့ကို ပြည်ထောင်စုအဆင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေက ဦးဆောင်မှာဖြစ်ပြီး ဆွေးနွေးရရှိချက်တွေကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေက လိုက်နာရမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်။
အဲဒီအချက်တွေကို ထောက်ပြပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ပြည်ခိုင်ဖြိုးနဲ့ ရခိုင်အမတ်တွေ၊ ဦးစိုးသိန်းလို အရင် အစိုးရလက်ထက်က ဝါရင့်ဝန်ကြီး တစ်ဖြစ်လဲ တစ်သီးပုဂ္ဂလအမတ်တွေက ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိုက်နာဘူး၊ ဖွဲ့စည်းပုံမှာပါတဲ့ ပြည်နယ်နဲ့ တိုင်းလွှတ်တော်အသီးသီး သီးခြားစီ ဖြစ်စေတဲ့ ဖက်ဒရယ်ပုံစံကို မျက်ကွယ်ပြုတယ်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကို ပြည်ထောင်စုလွှတ်တော်က ချုပ်ကိုင်ဖို့ ကြိုးစားတယ် အစရှိသဖြင့် ဝေဖန်ထောက်ပြကြတာ ဖြစ်ပါတယ်။
အင်န်အယ်လ်ဒီဟာ ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး ရှေ့ပိုင်းမှာလည်း အဝေဖန်ခံခဲ့ရပြီးပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲပြီးသွားတဲ့အခါ အင်န်အယ်လ်ဒီ မဟုတ်တဲ့ပါတီနဲ့ တိုင်းရင်းသားပါတီတွေ လွှမ်းမိုးတဲ့ ရခိုင်နဲ့ ရှမ်း ပြည်နယ်လွှတ်တော်ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ အဲဒီအနိုင်ရ သက်ဆိုင်ရာပါတီတွေက အမတ်တစ်ယောက်ယောက်ကို ဝန်ကြီးချုပ် တာဝန်မပေးဘဲ အင်န်အယ်လ်ဒီအမတ်ကိုပဲ ဝန်ကြီးချုပ် ခန့်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။
မွန်ပြည်နယ်က မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်တဲ့ အထင်ကရ သံလွင်မြစ်ဖြတ် တံတားကြီးကို နာမည်ပေးစဉ်ကလည်း ဒေသခံ မွန်တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် ဇွတ်နာမည်ပေးခဲ့ပါတယ်။
အခု တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ရာရောက်တဲ့ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ရင် ဒါဟာ အင်န်အယ်လ်ဒီအနေနဲ့ ဖက်ဒရယ်စနစ်ကို လိုလားပါတယ်၊ သွားနေပါတယ်ဆိုပြီး ပြသတဲ့နမူနာကောင်းတစ်ခု ဖြစ်လာမှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။