အင်န်အယ်လ်ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ အလျင်အမြန် ဝင်ပါဖို့ လိုပြီ

နောက်ဆုံးထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ အပြတ်အသတ် အနိုင်ရပြီး သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်တော့မှာ သေချာသွားပါပြီ။

စည်သူအောင်မြင့် ရေးသားသည်။

နောက်ဆုံးထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ အပြတ်အသတ် အနိုင်ရပြီး သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်တော့မှာ သေချာသွားပါပြီ။

အကူးအပြောင်းကာလ အဆင်ပြေ ချောမွေ့ခဲ့ရင် အင်န်အယ်လ်ဒီတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ဟာ ၂၀၁၆ ဖေဖော်ဝါရီ လဆန်းမှာ ပေါ်ပေါက်လာနိုင်ပြီး မတ်လအကုန်မှာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် ပေါ်ပေါက် လာတော့မှာပါ။

ဒါပေမဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်လု့ိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကို အဲဒီလောက်အထိ အချိန်မပေးပါဘူး။ အခု ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့ အချိန်ကစပြီး ဝင်ရောက်၊ ကိုင်တွယ်၊ ဖြေရှင်းဖို့ အခြေအနေက တောင်းဆိုနေပါတယ်။

ဘယ်လို အခြေအနေများလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အင်န်အယ်လ်ဒီ ဘယ်လို ပါဝင် ဖြေရှင်းသင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အကြောင်းကတော့ ခုလိုပါ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ ပြတ်ပြတ်သားသား နိုင်လိုက်ပြီး သိပ်မကြာခင်မှာကိုပဲ အစိုးရနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ရှစ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ပြောဆို လာပါတယ်။

အလားတူ အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ဝ အဖွဲ့၊ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အနိုင်ရတာကို ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကတော့ အစိုးရဘက်ကနေ NCA လက်မှတ်ထိုးဖို့ ခွင့်မပြုတဲ့ ရက္ခိုင့်တပ်ဖွဲ့ AA ၊ ကိုးကန့် တပ်ဖွဲ့ MNDAA ၊ တအာင်းပလောင် တပ်ဖွဲ့ TNLA သုံးဖွဲ့ ပေါင်းပြီး ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ ပါတီနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်သွားမယ် ဆိုတဲ့အကြောင်း ကြေညာပါတယ်။

တစ်ပြိုင်နက်တည်းမှာ အစိုးရတပ်ဖွဲ့တွေနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အလားတူ SSPP/SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့နဲ့လည်း ရှမ်းပြည်နယ် ဝမ်ဟိုင်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး သောင်းနဲ့ချီရှိတဲ့ ဒေသခံ တိုင်းရင်းသားတွေလည်း ဘေးလွတ်ရာ ထွက်ပြေးခိုလှုံ နေကြရပါတယ်။

ဒါ့အပြင် အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသား ရှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးထားပြီး စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်နေတဲ့ ဖြစ်စဉ်ကလည်း ရှိနေပါတယ်။ ဒီအခြေအနေတွေ အားလုံးကို ချင့်တွက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အင်န်အယ်လ်ဒီ ဘယ်ကစ ဘာလုပ်မလဲ စဉ်းစားသုံးသပ်ရမှာပါ။

ပထမဦးဆုံး ဆုံးဖြတ်ဖို့လိုတာက အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသား ရှစ်ဖွဲ့ NCA စာချုပ်အရ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်ဆွေးနွေးပွဲတွေမှာ ဝင်ပါဖို့ ကိစ္စပါ။ စာချုပ်ပါ အချက်အရ မူဘောင်ဆွေးနွေးပွဲမှာ အစိုးရနဲ့ တပ်မတော်ဘက်က ၁၆ ယောက်၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်က ၁၆ ယောက်၊ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုသူ ၁၆ ယောက် တွေ့ဆုံဆွေးနွေးပြီး မူဘောင်တွေ ရေးဆွဲကြဖို့ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အတွက် အင်န်အယ်လ်ဒီ ပါတီက အမတ်နေရာ အများစု အပြတ်အသတ် အနိုင်ရထားပြီး တခြားပါတီတွေကလည်း အမတ်နေရာ တချို့ အနိုင်ရထားပါတယ်။ ဒီအတွက် မူဘောင်ရေးဆွဲရာမှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် ရွေးချယ်ရေးတာဝန်ကို အင်န်အယ်လ်ဒီ ပါတီက ရယူနိုင်နေပါပြီ။

စနစ်တစ်ခု ချမှတ်ပြီး အနိုင်ရပါတီတွေထဲက ဘယ်ပါတီက ဘယ်နှစ်ယောက် ပါဝင်မယ် ရွေးချယ်နိုင်ပါပြီ။ ပြည်သူလူထု ရွေးချယ်မှုအရ အဲဒီ ကိုယ်စားလှယ်တွေထဲမှာ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက အများစု ဖြစ်နေမယ် ဆိုတာကတော့ ပြောဖို့လိုမယ့်ကိစ္စ မဟုတ်ပါဘူး။ မူဘောင် ရေးဆွဲရမယ့်ကိစ္စဟာ အချိန် အကန့်အသတ် ရှိတာကြောင့် အဲဒီ အထဲ ပါဝင်မယ် မပါဝင်ဘူး အင်န်အယ်လ်ဒီဘက်က ခပ်မြန်မြန် ဆုံးဖြတ်ဖို့ လိုပါတယ်။ မူဘောင် ဆွေးနွေးပွဲတွေမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ် အများစု နေရာရယူထားခြင်းအားဖြင့် နောင် ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲကြီးအတွက် ကောင်းမွန်တဲ့အခြေခံကို ချမှတ်နိုင်မှာပါ။

နောက်ပြဿနာ တစ်ခုက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ သဘောထား ကွဲလွဲတဲ့ကိစ္စကို နားလည်ပြီး ဘယ်လို ရပ်တည်မလဲ ဆိုတာ မြန်မြန် ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ပြောရရင် လက်ရှိ NCA စာချုပ် ဆိုတာဟာ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အသေအချာ အကြိမ်ကြိမ် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီးမှ အတည်ပြုထားတဲ့ အချက်တွေပါ။

စာချုပ်ပါ အချက်တွေကို ဘယ်သူကမှ အငြင်းမပွားကြပါဘူး။ ဒါကြောင့် ဒီစာချုပ်ကို အင်န်အယ်လ်ဒီ ဘက်ကလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြဿနာ ဖြစ်ရတာက စာချုပ် လက်မှတ်ရေးထိုးတဲ့ဆီမှာ အစိုးရဘက်က ကိုးကန့်၊ ရခိုင်AA နဲ့ တအာန်းပလောင် တပ်ဖွဲ့တွေကို ပါဝင်ခွင့်မပြုတာပါ။

ဒီအချက် သဘောတူညီချက် မရတာကြောင့် NCA မှာ အားလုံးလက်မှတ် မထိုးနိုင်ဘဲ အခု လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒါကြောင့် အင်န်အယ်လ်ဒီ အနေနဲ့ ဒီ ပြဿနာကို နားလည်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားဖို့ လိုပါတယ်။ ပြီးရင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား နှစ်ဘက် အဆင်ပြေအောင် ကြားဝင်ညှိနှိုင်းပေးသူ နေရာကို ရယူဖို့ လိုပါတယ်။

လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်လိုတာ၊ အစိုးရနဲ့ တိုင်းရင်းသား ရှစ်ဖွဲ့ NCA စာချုပ်ကို ဆက်ပြီး အကောင်အထည်ဖော်နေတာကြောင့် အင်န်အယ်လ်ဒီဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မြန်မြန် ဆုံးဖြတ်ချက်ချ၊ မြန်မြန် ပါဝင်ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.