အင်န်အယ်လ်ဒီ၏ အတိုက်အခံအဖြစ် ရပ်တည်သွားမည့် သဘောထား မပြောင်းလဲသေးဟု အေအင်န်ပီပြောကြား

နေပြည်တော် မတ် ၁၇

ရခိုင်အမျိုးသားပါတီ (Arakan National Party) အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)အား ပြည်နယ်အဆင့်အပြင် ပြည်ထောင်စုအဆင့်တွင်ပါ အတိုက်အခံ ပြုလုပ်သွားမည်ဟူသည့် ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ရုပ်သိမ်းမည် မဟုတ်ဟု ပါတီအတွင်းရေးမှူးဖြစ်သူ စစ်တွေမဲဆန္ဒနယ်၏ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။

“အင်န်အယ်လ်ဒီအစိုးရနဲ့ ပြည်နယ်အဆင့်မှာရော၊ ပြည်ထောင်စု အဆင့်မှာပါ ပူးပေါင်း ဆောင်ရွက်မှုမရှိဘဲ အတိုက်အခံ အနေနဲ့ ရပ်တည်သွားမယ်။ အတိုက်အခံဆိုတာက ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး မမျှတဘူး၊ မဖြစ်သင့်ဘူးလို့ ပါတီက ယူဆရင် ဝေဖန်ထောက်ပြတာတွေ လုပ်မယ်။ တတ်နိုင်သမျှ တည့်မတ်ပေးမယ့်သဘောပါ” ဟု ၎င်းက Frontier ကို ပြောသည်။

ပြည်နယ်အစိုးရဖွဲ့စည်းရေးတွင် အင်န်အယ်လ်ဒီက ANP ကို ကမ်းလှမ်းလာပါက လက်ခံ ဆွေးနွေးသွားမည်ဟု ယခင်က ထုတ်ပြန်ထားခြင်းသည် ဖွင့်ပေးထားသည့် ကြေညာချက်ဖြစ်ပြီး ပိတ်ထားသော ကြေညာချက် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို ANP က မရလျှင် အင်န်အယ်လ်ဒီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဆိုသည်မှာ ANP ၏ ဒုတိယ ထုတ်ပြန်ချက် ဖြစ်သည်။

သို့ရာတွင် ANP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ခြောက်ဦးတို့က ပြီးခဲ့သည့် သီတင်းနှစ်ပတ်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းလာပါက ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ ဝန်ကြီးနေရာပေးပါက လက်ခံမည်ဆိုသည့် သဘောမျိုး ပြောကြားခဲ့သဖြင့် ANP ပါတီက ထိုခြောက်ဦးအား ခုံဖွဲ့စစ်ဆေးပြီး မတ် ၁၂ ရက်နေ့တွင် ပါတီမှ ထုတ်ပယ်ခဲ့သည်။

“သူတို့ ခြောက်ဦးကို ထုတ်ပစ်ရတဲ့ အဓိကအကြောင်းရင်းက ANP ကို သင်းခွဲနေလို့ပါ။ ALD နဲ့ RNDP ရခိုင်နှစ်ပါတီ ပေါင်းထားပြီးသားကို RNDP ဆိုတာမျိုး နာမည်ခွဲရေးပြီး ကြေညာချက် ထုတ်တာမျိုးတွေဟာ ပါတီသင်းခွဲရာ ရောက်တယ်။ နောက်ပြီး ပါတီရဲ့ Letter head ကို ယူသုံးပြီး လိပ်စာကျတော့ အသစ်တစ်ခု ပြောင်းထားတယ်။ အစုအဖွဲ့တစ်ခုဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ လိုက်နာမှသာ ရပ်တည်နိုင်မှာ ဖြစ်တယ်။ အဖွဲ့ရဲ့ သတ်မှတ်ချက်ကို မလိုက်နာသူတွေဟာ အဖွဲ့ကို ဒုက္ခရောက်စေမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကို ပါတီက ထုတ်ရတာပါ” ဟု ဦးကျော်ဇောဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပန်းနီလာကျေးရွာတွင် ခုံရုံးဖွဲ့ စစ်ဆေး ထုတ်ပယ်ခဲ့သည့် အရေးယူမှုအပေါ် ရခိုင်တိုင်းရင်းသားအများစုက သဘောကျ ထောက်ခံကြသည်ဟုလည်း ၎င်းက ပြောသည်။

ပါတီမှထုတ်ပယ်ခံရသူ ခြောက်ဦးတွင် ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းရွှေသိန်းအပါအဝင် လေးဦးတို့သည် ANP ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ခန့်အပ်ထားသူများ မဟုတ်ဘဲ ANP ပေါ်ပေါက်လာရေးအတွက် ရခိုင်နှစ်ပါတီ ပေါင်းစည်းရန် အခြေတည်သည့် ရခိုင်ညီလာခံကြီးက ရွေးချယ် ခန့်အပ်ပေးခဲ့သူများ ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်၊ ကျောက်ဖြူ မဲဆန္ဒနယ် ကိုယ်စားလှယ် ANP ပါတီဝင် ဦးဘရှိန်က ပြောသည်။

“အင်န်အယ်လ်ဒီကို အတိုက်အခံအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့ ဆောင်ရွက်ဖို့ ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံးမှာ ရခိုင်ပြည်နယ် အကျိုးအတွက် အာဏာရပါတီ ပြည်ခိုင်ဖြိုးနဲ့တောင် အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ခဲ့ရတာပဲ။ အခုလို ပြည်သူတစ်ရပ်လုံး တစ်နိုင်ငံလုံးက ထောက်ခံလို့ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ အင်န်အယ်လ်ဒီနဲ့ ဘာကြောင့် မပူးပေါင်းနိုင်ရမှာလဲ။ ကိုယ့်အမျိုးသား အကျိုးကို ကြည့်ပြီး လက်တွေ့ကျကျ ဆောင်ရွက်ကြရမှာပါ” ဟု ၎င်းကပြောကြားသည်။

ANP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၃ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၁၂ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၁၀ ဦး အနိုင်ရရှိခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar