အင်န်အယ်လ်ဒီပါတီဝင်များကိုသာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်သစ်များအဖြစ် ရွေးချယ်ထား

ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် တခဲနက် အနိုင်ရရှိခဲ့ပြီး ပြည်နယ်သုံးခုမှအပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာအများစု ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ၎င်းတို့ ခန့်အပ်ရန် ရွေးချယ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦး၏ အမည်ကို ထုတ်ဖော်ကြေညာလိုက်သည်။ ရွေးချယ်ခံထားရထားရသူများအားလုံးမှာ အင်န်အယ်လ်ဒီ ပါတီဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုအား မတ် ၂၈ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကြေညာခဲ့ရာ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များက လွှတ်တော်တွင်းမှ ထွက်ခွာသွားခဲ့ကြသည်။ ၎င်းတို့က ၎င်းတို့၏ ပါတီဝင်တစ်ဦးကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တောင်းဆိုထားကြခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်တွင် အကြီးဆုံးပါတီဖြစ်ပြီး ကိုယ်စားလှယ်နေရာ ၄၇ နေရာရှိသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင်ရရှိထားသည်။ အင်န်အယ်ဒီက ကိုယ်စားလှယ်နေရာ ရှစ်နေရာ ရရှိထားသည်။

ဝန်ကြီးချုပ်အဖြစ် ကြိုတင်အမည်ထွက်နေသည့် ဦးညီပု၏ အမည်အား ကြေညာမည့် မတ် ၂၈ ရက်နေ့ လွှတ်တော်အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များက အနက်ရောင်ရင်ထိုးများဖြင့် တက်ရောက်ခဲ့ကြပြီးနောက် အမည်ကြေညာအပြီးတွင် အစည်းအဝေးမှ ထွက်ခွာသွားကြခြင်း ဖြစ်သည်။

ထို့ပြင် အင်န်အယ်လ်ဒီက ရခိုင်အမျိုးသားပါတီမှ ဝန်ကြီးချုပ် မခန့်အပ်မှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ် စစ်တွေတွင် ဆန္ဒပြခဲ့ကြသည်။

အင်န်အယ်လ်ဒီက ကိုယ်စားလှယ်နေရာရရှိမှုတွင် စတုတ္ထမြောက်နေရာတွင်သာရှိနေသည့် ရှမ်းပြည်နယ်လွှတ်တော်တွင်မူ ဒေါက်တာလင်းထွဋ္ဋ်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ပြီးပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည်။

ကချင်ပြည်နယ်လွှတ်တော်တွင်မူ ဝန်ကြီးချုပ်၏ အမည်ကို မတ် ၂၉ ရက်နေ့တွင် ကြေညာဖွယ်ရှိနေပြီး ဒေါက်တာခက်အောင်အား ခန့်အပ်မည်ဟု သတင်းထွက်ရှိထားသည်။

ယနေ့ကြေညာခဲ့သည့် ဝန်ကြီးချုပ်များတွင် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦးလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ကရင်ပြည်နယ်တွင် ဒေါ်နန်းခင်ထွေးမြင့်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေါက်တာလဲ့လဲ့မော်တို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်များ ဖြစ်လာကြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ လွှတ်တာ်ကိုယ်စားလှယ်တစ်ဦးအား သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမည်ဖြစ်သည်။

ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခွင့် ရရှိရေးအတွက် အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် တိုင်းရင်းသားပါတီများက ပြည်ထောင်စုလွှတ်တော်တွင် ပြီးခဲ့သည့်နှစ်က ကြိုးစားခဲ့ကြသော်လည်း ၂၀၁၅ ခုနှစ်၊ ဇွန်လက အခြေခံဥပဒေပြင်ဆင်မှုများထဲတွင် မပါဝင်ခဲ့ပေ။

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ၎င်းတို့၏ မဲဆန္ဒနယ်များ

၁. ကချင်ပြည်နယ် – ဒေါက်တာခက်အောင် (မြစ်ကြီးနား ၁)

၂. ကယားပြည်နယ် – ဦးအယ်လ်ဖောင်းရှိ (မယ်စဲ့ ၂)

၃. ကရင်ပြည်နယ် – ဒေါ်နန်းခင်ထွေးမြင့် (ဖားအံ ၁)

၄. ချင်းပြည်နယ် – ဦးဆလိုင်းလျန်လွယ် (ဖလမ်း ၂)

၅. စစ်ကိုင်းတိုင်းဒေသကြီး – ဒေါက်တာမြင့်နိုင် (ရွှေဘို ၂)

၆. တနင်္သာရီတိုင်းဒေသကြီး – ဒေါက်တာလဲ့လဲ့မော် (သရက်ချောင်း ၁)

၇. ပဲခူးတိုင်းဒေသကြီး – ဦးဝင်းသိန်း (ရေတာရှည် ၂)

၈. မကွေးတိုင်းဒေသကြီး – ဒေါက်တာအောင်မိုးညို (ပွင့်ဖြူ ၁)

၉ . မန္တလေးတိုင်းဒေသကြီး – ဒေါက်တာဇော်မြင့်မောင် (အမရပူရ ၁)

၁၀. မွန်ပြည်နယ် – ဦးမင်းမင်းဦး (ဘီးလင်း ၂)

၁၁. ရခိုင်ပြည်နယ် – ဦးညီပု (ဂွ ၂)

၁၂. ရန်ကုန်တိုင်းဒေသကြီး – ဦးဖြိုးမင်းသိန်း (လှည်းကူး ၂)

၁၃. ရှမ်းပြည်နယ် – ဒေါက်တာလင်းထွဋ္ဋ် (လားရှိုး ၁)

၁၄. ဧရာဝတီတိုင်းဒေသကြီး – ဦးမန်းဂျော်နီ (ကျုံပျော် ၂)

သတင်း – ရှောင်ဂလေစင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar