အငတ်ဘေးနှင့် အဓမ္မခေါ်ဆောင်ခြင်းတို့က ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ပိုမိုဝင်ရောက်စေ

ရှောင်ဂလေစင်

အစားအစာ မရယူနိုင်စေရန် ပိတ်ဆို့ထားခြင်း၊ အတင်းအဓမ္မခေါ်ဆောင်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများက ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာဒုက္ခသည်များ ပိုမိုထွက်ခွာရန် တွန်းအားပေးနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားသည်။ ဒုက္ခသည်များပြန်ပို့ရေး နှစ်နိုင်ငံကြား သဘောတူညီချက်ကို ရှေ့တိုးရန် ကြန့်ကြာနေစဉ် ယင်းအဖွဲ့က ပြောကြားလိုက်ခြင်းဖြစ်သည်။

နောက်ထပ်ဖိနှိပ်မှုများကြောင့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒုက္ခသည်အများအပြားကို ထွက်ခွာစေခဲ့သည်ဟု ဘာလူခါလီနှင့် ကူတူပါလောင် ဒုက္ခသည်စခန်းများသို့ အသစ်ရောက်လာသည့် ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းမှုများကိုအခြေခံ၍ လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောကြားသည်။

“တရားဝင် ငြင်းဆိုလိမ်လည်မှုတွေ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်ခွင့်ငြင်းဆိုဖို့ အားထုတ်မှုတွေကို အကာအကွယ်ပြုပြီး မြန်မာစစ်တပ်ဟာ လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ ပြစ်မှုတွေကို ဆက်ပြီး ကျူးလွန်နေပါတယ်” ဟု အဖွဲ့၏ အကြီးတန်းအကြံပေး မက်သယူးဝဲလ်စ်က ပြောကြားသည်။

ကျန်ရှိနေသည့် ရိုဟင်ဂျာများထဲမှ များနိုင်သမျှများများ ထွက်သွားစေရန် အသားကျနေသည့် ဖိနှိပ်မှုပုံစံများကို မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက အသုံးပြုနေသည်ဟု ၎င်းကဆိုသည်။ အာဏာပိုင်များသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလများက စပါးများ ရိတ်သိမ်းမှုကို တားဆီးပြီးနောက် နောက်ဆုံးအနေဖြင့် ထွက်သွားစေရန် ဖိအားပေးခံခဲ့ရကြောင်း ပြီးခဲ့သည့်နှစ်က အဆိုးဝါးဆုံးအကြမ်းဖက်မှုနှင့် ကြုံတွေ့ခဲ့ရသည့် ရခိုင်မြောက်ပိုင်းတွင် နေထိုင်ခဲ့သည့် ဒုက္ခသည်များက အဖွဲ့ကို ပြောကြားသည်။

စစ်သားနှင့် ကင်းအဖွဲ့များက ရိုဟင်ဂျာရွာများကို တိုက်ခိုက်စဉ်၊ သို့မဟုတ် တိုက်ခိုက်ပြီးချိန်များတွင် မွေးမြူရေးတိရစ္ဆာန်များ ခိုးယူခံခဲ့ရကြောင်း အခြားသူများကလည်း အစီရင်ခံခဲ့သည်။ ဇန်နဝါရီလက ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးများကို စစ်သားများက ပြန်ပေးဆွဲခြင်းနှင့် ပျောက်ဆုံးသွားသည့် အမှုသုံးခုကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မှတ်တမ်းတင်ထားသည်။

လုံခြုံရေးစခန်းများကို ARSA အဖွဲ့ တိုက်ခိုက်ပြီးနောက် တပ်မတော်က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည့် သြဂုတ်လမှစ၍ ဒုက္ခသည် ၇၀၀,၀၀၀ နီးပါးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ပထမတစ်လတည်းမှာပင် ရိုဟင်ဂျာ ၆,၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) က ခန့်မှန်းထားသည်။ နှိမ်နင်းမှုကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖိနှိပ် အနိုင်ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို မြန်မာစစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များက အစဉ်တစိုက် ငြင်းဆိုထားသည်။

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မြုပ်နှံထားသည့် သင်္ချိုင်းနေရာငါးခုရှိသည်ဆိုသည့် အေပီသတင်းဋ္ဌာန၏ အစီရင်ခံမှုကို အစိုးရက ငြင်းဆိုကြောင်း နိုင်ငံပိုင်မီဒီယာက စနေနေ့က ဖော်ပြခဲ့သည်။ ၎င်းတို့ရွာအနီးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားသည်ဟု မကြားမိကြောင်း ဒေသခံများက ပြောကြားသည်ဟုလည်း ဖော်ပြခဲ့သည်။ အမေရိကန်ကုမ္ပဏီ Digital Globe က ဒီဇင်ဘာလက မှတ်တမ်းတင်ခဲ့သည့် ဂြိုဟ်တုပုံရိပ်များအရ လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုအပြီး ၎င်းရွာရှိအိမ်များ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခံခဲ့ရသည်ကို တွေ့မြင်ရသည်။

ကမ်းရိုးတန်းရှိ အင်းဒင်ရွာတွင် ချုပ်နှောင်ထားသည့် ရိုဟင်ဂျာ ၁၀ ဦးသေစေမှုတွင် စစ်သားများ ပါဝင်ခဲ့ကြောင်း တပ်မတော်က ပြီးခဲ့သည့်လက ဝန်ခံထားသည်။ တပ်မတော်သည် နှိမ်နင်းမှုအတွင်း ဥပဒေနှင့်မညီသည့် အင်အားကို အသုံးပြုခြင်းမရှိခဲ့ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ဝေခဲ့သည့် အစောပိုင်းစုံစမ်းစစ်ဆေးမှုတစ်ခုတွင် ဖော်ပြထားသည်။ နှိမ်နင်းမှုအပြီး ခြောက်လနီးပါးကြာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ရောက်မှုကို ကန့်သတ်ထားဆဲဖြစ်သည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံရန်ဖြစ်သော်လည်း ကြန့်ကြာမှုများ ရှိနေသည်။ ရခိုင်အကျပ်အတည်းအပေါ် နိုင်ငံတကာ၏ တုံ့ပြန်မှုကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်လျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝ ဝင်ရောက်ခွင့်အပြင် လက်နက်ဝယ်ယူခွင့် ပိတ်ပင်ခြင်းအပါအဝင် စစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်ရန် တောင်းဆိုလျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar