အဂတိတိုက်ဖျက်ရေးကော်မရှင် အရာရှိ၏ ထွက်ဆိုချက်အား ကန့်ကွက်မှုကို တရားရုံး ပယ်ချ

ရဲမွန်

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်အမှုတွင် သံသယရှိသူ၏ ဖခင်ထံမှ အရာရှိများ၏ ငွေကြေးရယူခဲ့ပုံ အဆင့်ဆင့်ကို တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်၏ ထွက်ဆိုချက်ကို တဖက်ရှေ့နေများက ကန့်ကွက်ခဲ့ကြသော်လည်း ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ပယ်ချလိုက်သည်။

လူသတ်မှုအား ကျေအေးခွင့်ကို အရှေ့ပိုင်းခရိုင်တရားရုံးက လက်ခံပေးရန်အတွက် လူသတ်မှုတွင် ပါဝင်ကြောင်း စွပ်စွဲခံထားရသူသုံးဦးအနက် တစ်ဦးဖြစ်သည့် ကိုသန်းထွဋ်အောင်၏ ဖခင်ဦးခင်မောင်လေးက အဂတိလိုက်စားကြောင်း သံသယရှိသူ ခရိုင်ဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်မှတဆင့် ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနှင့် အခြားအရာရှိများထံ ငွေကြေးပေးအပ်ခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်နေ့က ရုံးချိန်းတွင် တရားလိုဖြစ်သူ ဦးမိုးနိုင်က ထွက်ဆိုခဲ့သည်။

ထိုသို့ထွက်ဆိုခြင်းသည် သက်သေခံအက်ဥပဒေနှင့် ညိစွန်းနေခြင်းကြောင့် တရားခွင်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် အဂတိလိုက်စားသည်ဟု သံသယရှိသူများ၏ ရှေ့နေများက နိုဝင်ဘာ ၉ ရက်နေ့ ရုံးချိန်းတွင် စာဖြင့် လျှောက်လဲချက်များ ပေးခဲ့ကြသည်။ သို့သော် တိုင်းတရားသူကြီး ဒေါ်စိုးစိုးအောင်က ထိုထွက်ဆိုချက်များသည် ဥပဒေနှင့် ညိစွန်းမှုမရှိကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့က ပြုလုပ်သည့် တရားခွင်တွင် ပြောကြားခဲ့သည်။

ရှေ့နေများ၏ လျှောက်ထားမှုတွင် တရားလို၏ ထွက်ဆိုချက်များသည် သံသယရှိသူများက ရဲထံထွက်ဆိုထားသည့် အချက်များဖြစ်နေသည်ဟု ပါဝင်လျှောက်ထားခဲ့သော်လည်း တိုင်းတရားသူကြီးကမူ တရားလို၏ လျှောက်ထားမှုသည် ရဲထံ ထွက်ဆိုထားခြင်းမဟုတ်ဟု ကြားဖြတ်အမိန့်ချရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

စွပ်စွဲခံရသူများ၏ ရှေ့နေ့တစ်ဦးဖြစ်သည့် ဦးမင်းစိန်က တရားရုံး၏ ဆုံးဖြတ်အပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး ရှေ့နေများအနေဖြင့် ဥပဒေကပေးအပ်ထားသည့် ရပိုင်ခွင့်နှင့်အညီ ယခုကဲ့သို့ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားသည်။

“အချိန်ဆွဲနေတာလည်း မဟုတ်ပါဘူး။ စစ်ဆေးချိန်ကိုက တစ်နာရီကနေ သုံးနာရီအတွင်းပဲ ရတာပါ။ အချိန် မလုံလောက်တာကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

သန်းထွဋ်အောင်၏ ဖခင်ဖြစ်သူက အသတ်ခံရသည့် အောင်ရဲထွေး၏ မိသားစုနှင့် ဆွေမျိုးများအား အမှုကြေအေးပေးရန် ကျပ်သိန်း ၁,၅ဝဝ ပေးအပ်ခဲ့ရသည်ဟု ဦးမိုးနိုင်က တရားရုံးမှာ ထွက်ဆိုထားသလို အောင်ရဲထွေးသေဆုံးရတာကလည်း ကန်ကြောက်ခံရတဲ့ ဒဏ်ရာတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဗော့ကာပုလင်းနှင့် အရိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း မှုခင်းဆရာဝန်၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်းက ထွက်ဆိုထားသည်။

တိုင်းတရားသူကြီး၏ ဆုံးဖြတ်ချက်ကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရုံးချိန်းတွင် တရားလိုအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။ တရားလိုအား စစ်ဆေးပြီးပါက တရားလိုပြသက်သေ စုစုပေါင်း ၅၇ ဦးကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့်အမှုကို ကျပ်သိန်း ၇၂ဝ ကျော် လာဘ်ယူကာ အမှု ရုပ်သိမ်ပေးခဲ့သည်ဆိုသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဥပဒေချုပ်ဟောင်းအပါအဝင် တရားရေးအရာရှိများနှင့် ရဲအုပ်တစ်ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာ ၂၅ ရက်နေ့က တရားစွဲတင်လိုက်ခြင်းဖြစ်သည်။

၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အများဆုံး ၁၅ နှစ် ချမှတ်ခံရနိုင်ပြီး ပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အများဆုံး ၁ဝ နှစ် ချမှတ်ခံရနိုင်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar