အခွန်ရငွေ လျော့နည်းနေမှုကို ရှင်းလင်းစွာ ဖော်ပြရန် ပြည်ထောင်စုလွှတ်တော် သတိပေး

ပြည်ထောင်စု အစိုးရအဖွဲ့က တင်ပြလာသည့် အခွန်ရငွေစာရင်းတွင် လျာထားချက်ထက် လျော့နည်းမှုများအကြောင်း ဖော်ပြရာ၌ ယခုထက်ပိုမိုသော ရှင်းလင်းချက်များ ပါဝင်သင့်သည်ဟု ပြည်ထောင်စုလွှတ်တော်က သတိပေးလိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပေးပို့လာသည့် ၂၀၁၅-၁၆၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယခြောက်လပတ် ပြည်ထောင်စု၏ အခွန်ရငွေ အစီရင်ခံစာအပေါ် သဘောထားမှတ်ချက်ပြုသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ထိုသို့ ပါဝင်ခြင်းဖြစ်သည်။

“လျာထားချက်ထက် လျော့နည်းရခြင်းမှာ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် လျော့နည်း ကောက်ခံရခြင်းကြောင့်ဖြစ်ကြောင်းဖော်ပြထားရာ ပိုမိုရှင်းလင်းစွာ ဖော်ပြသင့်ပြီး ဝင်ငွေခွန်အား လျာထားချက် ပြည့်မီအောင် ကောက်ခံသင့်ပါကြောင်း သုံးသပ်ရရှိပါတယ်”ဟု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဇူလိုင် ၂၅ ရက်နေ့က ပြောသည်။

အဆိုပါ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ခြောက်လပတ်တွင် အခွန်လျာထားချက် ပြည့်မီသည့် အခွန်အကောက်စာရင်း ၁၁ မျိုးရှိခဲ့ရာ ယစ်မျိုးခွန်၊ မြေယာအပေါ်တွင် ကောက်ခံသည့်အခွန်၊ ရေခွန်နှင့် တာတမံအခွန်၊ ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ အင်းအိုင်ခွန်၊ သယ်ယူပို့ဆောင်ရေးအခွန်၊ အောင်ဘာလေထီ ဆုအခွန်ငွေ၊ တံဆိပ်ခေါင်းခွန်၊ ဓာတ်သတ္တုအခွန်နှင့် ရတနာအခွန်၊ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်အကောက်တို့ ပါဝင်သည်။

လျာထားချက် မပြည့်မီသည့် ခြောက်မျိုးရှိခဲ့ရာ သွင်းကုန်အတွက် လိုင်စင်ခများ၊ အကောက်ခွန်၊ ကြက်ပေါင်စေးပေါ်တွင် ကောက်ခံသည့်အခွန်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် ကောက်ခံသည့်အခွန်နှင့် ဝင်ငွေခွန်တို့ ပါဝင်သည်။

မပြည့်မီမှုများကို ဖော်ပြရာတွင် ကုန်ပစ္စည်းအမယ်အချို့အား သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကြောင့် သွင်းကုန်အတွက် လိုင်စင်ခများ လျော့နည်းကောက်ခံရရှိသည်ဟူ၍ လည်းကောင်း၊ ကားတင်သွင်းမှု လျော့နည်းခြင်းကြောင့် အကောက်ခွန်ရငွေ လျော့နည်းသည်ဟု လည်းကောင်း၊ အခွန်ကင်းလွတ်ခွင့်ပြုလိုက်၍ ကြက်ပေါင်စေးအပေါ်တွင် ကောက်ခံသည့်အခွန် လျော့နည်းခြင်းဖြစ်သည်ဟုလည်းကောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့ဈေးနှုန်းနှင့် လုပ်ကွက်အချို့တွင် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ရေနံစိမ်းစက်အချို့ကို ပိတ်ထားရခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် ဝင်ငွေမရသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် ကောက်ခံသည့်အခွန် လျော့သည်ဟူ၍ လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အော်ရီဒူးတို့ထံမှ လှိုင်းနှုန်းစဉ် စီမံခန့်ခွဲခနှင့် လိုင်စင်ကြေးတို့ကို မတ် ၃၁ နေ့မှသာရသဖြင့် အချိန်မီ စာရင်းမသွင်းနိုင်သဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခြင်းအတွက် ကောက်ခံသည့် အခွန်လျော့သည်ဟုလည်းကောင်း ဆက်လက် ဖော်ပြထားသည်။

ထို့အတူ ဝင်ငွေခွန်လျော့နည်းမှုကိုမူ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၏ အထက်ပါမှတ်ချက်အတိုင်းသာ ဖော်ပြထားခြင်းဖြစ်သည်။ ယနေ့အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်လာသော်လည်း ပြည်ထောင်စုလွှတ်တော်၏ ဝေဖန်မှုကို မည်သို့မျှ ပြန်လည်မဖြေရှင်းခဲ့ပေ။

သို့သော်ကော်မတီ၏ အစီရင်ခံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အရအသုံးမှန်းခြေ ငွေစာရင်း (ပြင်ဆင်ချက်)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ အဆိုပါ ဘဏ္ဍာနှစ်၏ မူလရသုံးမှန်းခြေ ငွေစာရင်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရသစ် လက်ထက် လျော့နည်းသွားသည့် ဌာနများ၊ ဒုတိယဝန်ကြီးများ၏ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ အဆောင်အယောင်စရိတ်များကို ပယ်ဖျက်ခြင်း၊ အသစ်တိုးသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့အတွက် စရိတ်တိုးခြင်းတို့အား ပြန်လည်ချိန်ညှိ၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ဝန်ကြီးဌာနက တောင်းခံခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ တင်ပြလာမှုကို လက်ခံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က သဘောတူထားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar