အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်း၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ်များ မပါဝင်သေး

ရဲမွန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ အစောပိုင်းက အတည်ပြုခဲ့ပြီး နောက်ဆက်တွဲအဖြစ် ကော်မတီဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်းတို့ကို ပြည်ထောင်စုလွှတ်တော်က ယနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ ဆက်လက်မဲခွဲ အတည်ပြုလိုက်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကျေနပ်လက်ခံခြင်းမရှိတဲ့ အဲဒီပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးအတွက် နေရာရရှိခဲ့ပါတယ်။

ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ဒုဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဝင်းအောင် (ခ) ဦးပြုံးချိုက ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉ နေရာရရှိမှာဖြစ်ပေမယ့် ရခိုင်အမျိုးသားပါတီက အမည်စာရင်း ၂ ခုတင်သွင်းလာတာကြောင့် ၁၈ နေရာသာ ရယူခဲ့တယ်လို့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ကော်မတီမှာတော့ လွှတ်တော်အတွင်း ကိုယ်စားလှယ်ဦးရေ တစ်ဦးကနေ ၅ ဦးအထိ ပါဝင်နေတဲ့ နိုင်ငံရေးပါတီ ၁ဝ ခုက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ အချိုးကျ ပါဝင်နေပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေကို ကိုယ်စားပြုသူအဖြစ် တစ်နေရာ ပါဝင်ခွင့်ပေးထားပါတယ်။

အဲဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဖြစ်ပြီး ၈ ဦး ပါဝင်ပါတယ်။

ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ၂ နေရာသာရရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတို့ကတော့ နေရာအရေအတွက် တူညီနေပါတယ်။

ဒါပေမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က သူတို့ရဲ့ ကိုယ်စားလှယ်နေရာတွေအတွက် အမည်စာရင်းကို ပူးပေါင်းကော်မတီထံ ယနေ့အထိ ပေးပို့ခြင်း မရှိသေးပါဘူး။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကတော့ သူတို့အနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ နေရာထက် ပိုမို ရယူလိုတာကြောင့် အမည်စာရင်းမပေးပို့ခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဖွဲ့စည်းမှုပုံစံကို ပြင်မလားဆိုပြီး စောင့်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပါဝင်မလဲဆိုတာ ကျွန်တော်တို့ အစုအဖွဲ့မှာ ပြန်စဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်မှာပါ”လို့ သူက ဆိုပါတယ်။

အခြေခံဥပဒေကိုပြင်ဆင်ရာမှာ ဖွဲ့စည်းပုံ အခန်း ၁၂ ပါ ပြဌာန်းချက်တွေအတိုင်း ပြင်ဆင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်ကို ပြောကြားသွားခဲ့ပေမယ့် ဗိုလ်မှူးချုုပ် မောင်မောင်ကတော့ ပြောကြားချက်တွေအပေါ်မှာ မယုံရတော့ဘူးလို့ ပြောပါတယ်။

“မလိမ့်တပတ်လုပ်လုပ်နေတာ တော်တော်များနေပြီ”လို့ သူက ဆိုပါတယ်။

ဦးတီခွန်မြတ်ကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့တို့က အမည်စာရင်း တင်သွင်းလာပါက လွှတ်တော်မှာ ကြေညာပေးသွားမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို စတင်တင်သွင်းခဲ့စဉ်ကတည်းက တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ သူတို့က စောဒကတက်ခဲ့ကြပြီး အဆိုကို လက်ခံဆွေးနွေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုမပြုဖို့လည်း မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် လွှတ်တော်နာယက ဦးတီခွန်မြတ်က သူတို့ကန့်ကွက်မှုကို ပယ်ချလိုက်ပြီး မဲခွဲဆုံးဖြတ်မှုကို ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြင်ဆင်သင့်သည့်အချိန်ကျပါက ပြင်ရလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံ၊ အဆာဟိရှင်ဘွန်းသတင်းဌာနနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အင်တာဗျူးမှာ သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့ကော်မတီဖွဲ့ပြီးတော့ ပြင်ဆင်ရေးဆောင်ရွက်တာ ကျွန်တော်တို့ကြိုမသိဘူး။ သို့သော်လည်းပဲ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်မကြာခဏ ပြောခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ အခြေခံဥပဒေတွေကတော့ တချို့ဟာတွေမှာလည်း ပြင်ဆင်သင့်တဲ့ အချိန်ကျရင်လည်း ပြင်ရလိမ့်မယ်။ ပြင်ဆင်ရမယ့် အကြောင်းအရာတွေလည်း ရှိပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ပြင်ဆင်ရေးအတွက် မူအားဖြင့် သဘောတူပေမယ့် ပြင်ဆင်ရေးအတွက် ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မယ်လို့လည်း သူကပြောပါတယ်။

“ဒီနေရာမှာသတိထားရမှာတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုပါတယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar