မောင်တော၊ အောက်တိုဘာ ၁၂
မောင်တော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားအချို့ကို အိမ်နီးချင်းနိုင်ငံက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယနေ့ ပြောကြားသည်။
မောင်တောမြို့နယ်တွင် ယနေ့ ပြုလုပ်သည့် မြို့ခံလူထုနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်အောင်စိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပထမနေ့မှာပဲ နှစ်ယောက်မိသလိုပဲ နောက်တစ်ရက်မှာလည်း အိမ်နီးချင်းနိုင်ငံကနေပြီး ဖမ်းဆီးပို့ဆောင်ခဲ့တဲ့ တရားခံတွေလည်း ပြန်လည်ရရှိပြီး ဖြစ်ပါတယ်” ဟု ၎င်း၏ ရှင်းလင်းချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယခုကိစ္စအပေါ် မြန်မာနှင့် အဓိကနီးကပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။
အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုတွင် လက်နက်ခဲယမ်းမျိုးစုံ ၅၁ လက်ဆုံးရှုံးခဲ့သည့်အတွက် “ဆုံးရှုံးသွားခဲ့တဲ့ လက်နက်တွေကို ပြန်လည်ဖော်ထုတ် သိမ်းဆည်းရမိရန် ဆောင်ရွက်နေသည်”ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။
“ဒီလက်နက်အပြင်ကို တခြား သိုဝှက်ထားနိုင်တယ်ဆိုတဲ့ လက်နက်တွေလည်း ရှိမယ်ဆိုရင် ဖော်ထုတ်သိမ်းဆည်းမှုတွေကို တပြိုင်နက်တည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ပတ်သက်၍ မောင်တောမြို့ပေါ်ရှိ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများပြုလုပ်ပြီး အဖက်ဖက်မှ ထိန်းသိမ်းကြရန် ပြောဆိုထားပြီး ဖြစ်သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက Frontier ကိုပြောသည်။
အဆိုပါ မြို့ခံလူထုနှင့် တွေ့ဆုံပွဲသို့ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့လည်း တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၉ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့် တပ်ဖွဲ့၏ စခန်းများ တိုက်ခိုက်ခံရပြီး နယ်ခြားစောင့်ရဲ ကိုးဦးသေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ ပျောက်ဆုံးခဲ့ရပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရာ အောက်တိုဘာ ၉ ရက်နေ့ညတွင် အကြမ်းဖက်သမားနှစ်ဦးနှင့် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်တွင် အကြမ်းဖက်သမားနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟုလည်း တပ်မတော်က အောက်တိုဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
သတင်း-မြတ်ကျော်သူ