အကြမ်းဖက်သမားများက မောင်တောကို လာမည့်ဇွန်လတွင် ထပ်မံတိုက်ခိုက်ဖွယ်ရှိ

မောင်တော၊ ဧပြီ ၂၁

နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားအုပ်စုက ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ဦးတည်၍ လာမည့်ဇွန်လတွင် ထပ်မံတိုက်ခိုက်နိုင်ချေရှိသည်ဟု Frontier ၏ သတင်းရင်းမြစ်များက အတည်ပြု ပြောကြားသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့က ၎င်းတို့အမည်ကို Harakah al-Yaqin (Faith Movement) ဟု မှည့်ခေါ်ထားသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို ၎င်းတို့က အလစ်ဝင်ရောက် တိုက်ခိုက်ကာ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်များ ယူဆောင်သွားခဲ့သည်။ ထို့နောက် တပ်မတော်က အဆိုပါဒေသတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို လေးလကြာဆောင်ရွက်ခဲ့ရသည်။ ယခုအခါ ၎င်းတို့က တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတင်းများ ပေါ်ထွက်နေခြင်းဖြစ်သည်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ လက်ရှိတွင် လက်နက်မပါသည့် လေ့ကျင့်ရေးများကို မွတ်ဆလင်ကျေးရွာအချို့ တွင် ပြုလုပ်လျှက်ရှိပြီး လက်နက်နှင့် ခဲယမ်းများမှာလည်း လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်နေသည်ဟု ဆိုသည်။

ဇွန်လသည် မိုးဦးကျကာလဖြစ်သဖြင့် “သူတို့က မိုးကြီးလေကြီးကျတဲ့အချိန်ကို ချိန်ထားပုံရတယ်” ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။

လေ့ကျင့်ရေးများကိုမူ မတ်လအလယ်ပိုင်းလောက်မှ စတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး နှစ်လအကြာ (မေလအကုန်) ခန့်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ လေ့ကျင့်နေမှုများနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်နေမှုများကို သတင်းများရရှိသော်လည်း သက်ဆိုင်ရာက ဖမ်းဆီးအရေးယူမှု အားနည်းနေခြင်းဖြစ်သည်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို သတင်းများရရှိသော်လည်း လွှတ်ပေးနေမှုများရှိနေသည်ဟုဆိုပြီး လက်နက်များ ဝင်ရောက်မှုမှာလည်း အဆိုပါ မူးယစ်ဆေးဝါးများ ကုန်သွယ်မှုမှတဆင့် စီးဝင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာတွေထဲကို ဘယ်ကမှန်းမသိတဲ့ လူတွေ၊ ကားအကောင်းစားကြီးတွေနဲ့ ခဏခဏ ရောက်လာတယ်။ ပြီးတော့ အပေါ်ပိုင်းက လူကြီးတွေနဲ့ တွေ့ကြတယ်။ အောက်ခြေ ရဲသားလေးတွေကတောင် သူတို့ကို စောင့်ရှောက်ပေးနေရတယ်” ဟု မျက်မြင်တွေ့ရှိသူတဦးက Frontier ကို ပြောသည်။

လွန်ခဲ့သည့်လက မောင်တောကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန် ကြံစည်ခဲ့သေးသော်လည်း သတင်းပေါက်ကြားမှုနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကြိုတင် ဖမ်းဆီးခဲ့မှုကြောင့် ပျက်ပြယ်ခဲ့ပြီး ယခုတကြိမ် ထပ်မံတိုက်ခိုက်ရန် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

“လုံခြုံရေးကတော့ ပုံမှန်ပဲ၊ ဒါပေမယ့် ဘယ်လိုပြောမလဲ၊ ငွေက အရာရာ ဖြစ်နေပြီ၊ တချို့ဟာတွေ ပြောလို့တောင် မကောင်းဘူး” ဟု သတင်းရင်းမြစ်တဦးက ဆိုသည်။

မောင်တော်ခရိုင်၊ တောင်ဘဇာနယ်မြေရှိ တင်းမေကျေးရွာတွင် ကြိုတင်သတင်းအရ အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်း စခန်းတစ်ခုကို အစိုးရက မတ် ၇ ရက်နေ့တွင် ဖော်ထုတ်ရမိခဲ့သည်။ အဆိုပါ အကြမ်းဖက်သင်တန်း ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ယနေ့အချိန်အထိ ၁၇ ယောက် ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ရဲစခန်းများ တိုက်ခိုက်ခံရမှုမတိုင်မီကလည်း သတင်းကြိုတင်ရရှိခဲ့သော်လည်း ကာကွယ်ရန် ပျက်ကွက်ခဲ့သည်ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားက အေအက်ဖ်ပီက ပြီးခဲ့သည့်လများက ရေးသားခဲ့ဖူးသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar