အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည့် အချိန်များကို တန်ဖိုးထားသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည့် အချိန်များတွင် စာဖတ်ခြင်းနှင့် ပြန်လည်စဉ်းစား သုံးသပ်မှုများ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထိုအချိန်များကို တန်ဖိုးထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။

“သူ့တို့ ကျွန်မကို စနေ၊ တနင်္ဂနွေနေ့တွေမှာ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထားရင် ကောင်းလိမ့်မယ်လို့တောင် ဆန္ဒ ဖြစ်မိတယ်။ ဒါဆိုကျွန်မ ခဏတဖြုတ် အနားယူလို့ရတာပေါ့” ဟု အမေရိကန်သို့ တရားဝင်ခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ၎င်းက ဝါရှင်တန်ဒီစီရှိ Theodore Roosevelt အထက်တန်းကျောင်းသို့ သွားရောက်စဉ် ကျောင်းသား၊ ကျောင်းသူများကို ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားထားသည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်ကာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် နေအိပ်အကျယ်ချုပ် အကြိမ်ကြိမ် ချမှတ်ခဲ့ရာ စုစုပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့်ကို နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်နေရစဉ်အတွင်း စာဖတ်ခြင်း၊ စန္ဒယားတီးခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် ၎င်း၏ အချိန်များကို ကုန်ဆုံးစေခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။

ဒီမိုကရေစီအရေး လှုပ်ရှားစဉ်အတွင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် အများအပြားမှာ နှစ်ရှည် ထောင်ဒဏ်များ ခံစားရသည့်အတွက် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရမှုကို ၎င်းက အကောင်းမြင်စိတ် ထားရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အပြင် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်ရန်အတွက်ပါ စက်တင်ဘာ ၁၃ ရက်နေ့က စတင်ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် စက်တင်ဘာ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအပြင် အမေရိကန် တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုများကို မကြာမီ ပြန်လည်ရုပ်သိမ်းပေးမည်ဟု အိုဘားမားက ပြောကြားခဲ့သလို မြန်မာနိုင်ငံအား ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ ပြန်လည်ပေးအပ်ခဲ့သည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟားဗတ်တက္ကသိုလ်က ချီးမြှင့်မည့် ၂၀၁၆ ခုနှစ် Harvard Humanitarian of the Year (လူသားချင်းစာနာမှုဆိုင်ရာဆု) ကို ပေးအပ်မည့် အခမ်းအနား တက်ရောက်မည်ဖြစ်ကာ စက်တင်ဘာ ၁၉ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးတွင် ကျင်းပမည့် ဒုက္ခသည်နှင့် ရွေ့ပြောင်းအခြေချ နေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံများကို တက်ရောက်ကာ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု ဗီအိုအေသတင်းဌာနက ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လတွင် အာဏာရရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း အစိုးရအဖွဲ့ကို ဦးဆောင်လာခဲ့သည်။ ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကိုလည်း ဦးဆောင် ဆောင်ရွက်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံကို ဦးဆောင်ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် ကြီးမားလွန်းသည့် အလုပ်တာဝန်များ ထမ်းဆောင်နေပြီး အစိုးရ၏ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်း၏ အလုပ်တာဝန် ခွဲဝေပေးနိုင်စွမ်းအပေါ် မူတည်နေသည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ပညာရှင် အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် International Crisis Group က သြဂုတ်လဆန်းပိုင်းတွင် သတိပေးခဲ့သည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ရာထူးများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အဆင့်မြင့်ကော်မတီများ၏ ဥက္ကဋ္ဌရာထူးပါ ယူထားရသူအနေနဲ့ ဒီအရာတွေအားလုံးကို ဦးဆောင်ရမယ့် တာဝန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပခုံးပေါ် ပုံကျနေပါတယ်။ ဒါဟာ ကြီးမားလွန်းတဲ့တာဝန်ဖြစ်ပြီး အလုပ်တာဝန် များပြားလွန်းနေပါတယ်” ဟု ICG က ထုတ်ပြန်ခဲ့သည့် Myanmar’s New Government: Finding its Feet ဟု အမည်ပေးထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar