ရန်ကုန်၊ မေ ၂၄
ဒုတိယအကြိမ်ပင်လုံညီလာခံကျင်းပနိုင်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက ခွင့်ပြုခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသာပါရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
“နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အစိုးရသစ်ပေါ် ယုံကြည်မှုတွေ ဖြစ်မလာတဲ့အပေါ် နိုင်ငံရေး အကျဉ်းသား ပြဿနာက ပြည်တွင်းစစ်နဲ့လည်း သက်ဆိုင်နေတယ်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဒါတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ အခုနိုင်ငံရေးအကျဉ်းသားပြဿနာကို သေချာပြန်စဉ်းစားသင့်တယ်။ ၂၁ ရာစုပင်လုံမှာလည်း တိုင်းရင်းသားတွေ ဖမ်းဆီးခံထားရမှုကိုလည်း သက်ဆိုင်ရာခေါင်းဆောင်တွေက သေချာကို ပြောသင့်တယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်က မေ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြည်တွင်း၊ ပြည်ပအကျဉ်းသား ၂၆၀ ခန့်ပါဝင်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော် အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင်နိုင်စေရေးအတွက်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးအား နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးကိုလည်း ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု သီးခြားထုတ်ပြန်ခဲ့သည့် သမ္မတရုံး၏ အမိန့်တွင် ဖော်ပြထားသည်။
ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ခံထားရသူ ၁၀ ဦးသာ ပါရှိခြင်းလည်းဖြစ်သည်။ ၎င်းတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (ခ)ဈ ၊ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ တရားမဝင် သင်းပင်းဆက်သွယ်မှု ၁၇(၁)နှင့် လယ်သမားမျာအပေါ် တရားစွဲသည့် အကျိုးစီးပွားပျက်စီးစေမှု၊ ကျူးကျော်ဝင်ရောက်မှု ၄၄၇၊ ၄၂၇ အပြင် တရားရုံး မထီမျက်မြင်ပြုမှု စသည့် ပုဒ်မတို့ဖြင့်ထောင်ချခံထားရသူမျာဖြစ်သည်။
လွှတ်မြောက်သည့် နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်ထောင်မှ တစ်ဦး၊ မန္တလေးအိုးဘိုထောင်မှ ခြောက်ဦးနှင့် ရွှေဘိုထောင်မှ တစ်ဦးတို့ဖြစ်သည်။ အိုးဘိုထောင်မှ ခြောက်ဦးတွင် ပြီးခဲ့သည့်လပိုင်းက ဆန္ဒပြမှုကြောင့် လက်ထိပ်ခတ် အမိန့်ချမှတ်ခံခဲ့ရသည့် ကျောင်းသားသုံးဦးလည်းပါဝင်သည်။
“အစိုးရသစ်က အရင်အစိုးရက နိုင်ကျဉ်းကိုလွှတ်ပေးတဲ့ ပုံစံမျိုးအတိုင်း လွှတ်ပေးနေတယ်။ နိုင်ကျဉ်းအတွက် ဖြေရှင်းပေးဖို့ ယန္တရားမရှိဘူး။ အရင်ကလည် နိုင်ကျဉ်းစိစစ်ရေးကော်မတီဖွ့ဲပြီး အစိုးရသစ်က ကိုယ်တွင်ဖြေရှင်းသင့်နေပြီ” ဟု ဦးဘိုကြည်က ဆိုသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဥ်းသားများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ကာ လွတ်မြောက်ခွင့် ပေးနိုင်ရေးအတွက် လက်ရှိအချိန်ထိ တရားဝင် စီစဉ်ဆောင်ရွက်မှုများမရှိသေးပေ။
ယခုလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းသည့် ပြီးခဲ့သည့်နှစ် မတ်လကုန်တွင် အစိုးရသစ်တက်ပြီးနောက် ဒုတိယအကြိမ်မြောက် ခွင့်ပြုပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်လည်းဖြစ်သည်။
ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် ယခင်အစိုးရလက်ထက်က ဖမ်းဆီးထောင်ချခံခဲ့ရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း ပါဝင်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်သည် နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု၊ ယုံကြည်အပ်နှံ ဖောက်ဖျက်မှုများဖြင့် ၂၀၁၄ ခုနှစ်၊ အောင်တိုဘာလတွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံထားရသူဖြစ်ကာ ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
သတင်း-ဟိန်းကိုစိုး