အကျင့်ပျက်ခြစားမှုတွေကြောင့် ရဟန်းတွေက တရားဥပဒေစိုးမိုးရေးမှာ ပါဝင်စွက်ဖက်နေရတယ်လို့ဆို

ရန်ကုန်၊ မေ ၁၁

အစိုးရဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်သွားရင် တရားဥပဒေစိုးမိုးရေးနဲ့ ရဲလုပ်ငန်းတွေမှာ သူတို့ ပါဝင်စွက်ဖက်နေတာတွေကို ရပ်တန့်ပေးမယ်လို့ မွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေကို မျိုးချစ်အမည်ခံပြီး လုပ်ဆောင်နေတဲ့ ရဟန်းနဲ့ လူတွေက ကတိကဝတ်ပြုလိုက်ကြပါတယ်။

မေ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က မြယာကုန်းမှာ မွတ်ဆလင်တွေကို ပစ်မှတ်ထားပြီး မျိုးချစ်အမည်ခံအဖွဲ့က လှုပ်ရှားခဲ့တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး နှစ်ရက်အကြာ၊ ယနေ့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့က ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မွတ်ဆလင်မုန်းတီးရေး လှုပ်ရှားမှုတွေနဲ့ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက ဒုစရိုက်ခေါင်းဆောင်တွေနဲ့ ရဲတွေ ပေါင်းစားနေတာကြောင့် ဘုန်းကြီးတွေက ဘုန်းကြီးတွေအလုပ်ကိုမလုပ်ဘဲ တရားဥပဒေစိုးမိုးကို ဝင်ရောက်စွက်ဖက်နေရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားပါတယ်။

“ရဲတွေ၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေ၊ လဝကတွေ၊ အဲဒီပုဂ္ဂိုလ်တွေက သူတို့ တာဝန်ကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ပါမယ်၊ လာဘ်မစားပါဘူးလို့ ဝန်ခံမယ်ဆိုရင် ဆရာတော်တို့ ရဲစခန်း၊ တရားရုံး နောင်မသွားဘူးလို့ ဝန်ခံရဲတယ် မဟုတ်လား”လို့ ဦးပါမောက္ခက သူ့ကို ထောက်ခံတဲ့သူတွေကို အဲဒီသတင်းစာရှင်းလင်းပွဲ စင်မြင့်ပေါ်ကနေ မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးပါမောက္ခကရဲ့ အမေးကို စင်အောက်က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့က ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေက “ဝန်ခံရဲပါတယ်”လို့ နှစ်ကြိမ်တိတိ ပြန်လည် အော်ဟစ် ကတိပေးခဲ့ကြပါတယ်။

သူတို့ထဲကအများစုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သာကေတနဲ့ မင်္ဂလာတောင်ညွှန့်က မွတ်ဆလင်တွေနဲ့ ကတောက်ကစဖြစ်ခဲ့ရာမှာ ပါဝင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

“တရားရုံးကိစ္စတွေ၊ ရဲစခန်းတွေကို အားကိုးလို့မရလို့ ရောက်လာတဲ့အမှုတွေ ဦးဇင်းတို့ ရဟန်းသံဃာတွေမှာ တစ်နေ့ကို အနိမ့်ဆုံးတစ်မှုတော့ ရှိပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဦးသုစိတ္တက မိန့်ပါတယ်။

အနည်းဆုံးလူတစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ မေ ၉ ရက်နေ့ ညပိုင်းက မြယာကုန်းအဖြစ်အပျက်မှာလည်း ဘင်္ဂလီလို့ မြန်မာအစိုးရဘက်က သတ်မှတ်ခေါ်ဝေါ်ပြီး ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ်နဲ့ နိုင်ငံတကာက ခေါ်ဝေါ်ကြတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်တွေ ခိုးဝင်ရောက်ရှိနေတာကို သူတို့ သတင်းအတိအကျရခဲ့ပြီး ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေထံ သတင်းပို့ခဲ့တာလို့ မူဆလင်တွေကို ပစ်မှတ်ထား လှုပ်ရှားနေတဲ့ မျိုးချစ်အမည်ခံသူတွေက ပြောပါတယ်။

ဒါပေမယ့် ရဲဘက်က သူတို့တိုင်ကြားမှုကို လုံလောက်တဲ့ အရေးယူမှုမလုပ်ခဲ့လို့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ခဲ့တာလို့လဲ သူတို့က ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အိမ်ရှင်တွေကတော့ ဒီလိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဒါဟာ ရန်စမှု သက်သက်သာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

မေ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မှာ သွေးထွက်သံယိုဖြစ်ခဲ့တာနဲ့ ပတ်သတ်ပြီး အစိုးရဘက်က တစ်စုံတရာပြောဆိုတာမရှိ သေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့သူတွေကိုတော့ အမှုဖွင့်အရေးယူဖမ်းဆီးမှုတွေ ယနေ့ညမှာပဲ စတင်ဆောင်ရွက်နေပြီဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ဖြစ်ရပ်မှာ လှုံ့ဆော်သူတွေထဲ ဦးဆောင်ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ Ko Latt ဆိုတဲ့ Facebook Account သုံးစွဲသူ ကိုလတ်နဲ့ သူ့ရဲ့ ဇနီး မအောင်မြင့်တို့ကို ယနေ့ညနေ ငါးနာရီကျော်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သလို အခြားပါဝင်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့ ပြည်တွင်းသတင်းအချို့မှာ ရေးသားထားပါတယ်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar