အကူအညီပေးရေးနှင့် ဒုက္ခသည်များအရေး ကုလသမဂ္ဂ၏ ဆွေးနွေးမှု တိုးတက်မှုမရ

အောက်တိုဘာ ၁၈

ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်နိုင်ရေးနဲ့ အကူအညီပေးရေး လုပ်သားတွေ သွားရောက်ခွင့် ရရှိရေးတို့အတွက် ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက သူရဲ့ ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့ပေမယ့် လက်ဗလာနဲ့သာ ပြန်လာခဲ့ရတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာဌာန လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Jeffery Feltman က ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟာဂျာ ၅၈၂,၀၀၀ ရဲ့အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံခဲ့ပါတယ်။ Feltman ကို လေကြောင်းခရီးနဲ့ ရခိုင်ပြည်နယ်ကို ခေါ်သွားတဲ့အချိန်မှာ မီးလောင်ထားတဲ့ ကျေးရွာတွေကို တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းကို လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်သူတွေ ပြည့်ပြည့်ဝဝနဲ့ အတားအဆီးမရှိ သွားရောက်နိုင်ရေးနဲ့ ဒုက္ခသည်တွေ သိက္ခာရှိရှိ၊ လုံလုံခြုံခြုံနဲ့ ကိုယ်သဘောဆန္ဒအတိုင်း မူလနေရာကို ပြန်လာရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ တောင်းဆိုမှုကို သူက ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်” လို့ ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောပါတယ်။

ကုလသမဂ္ဂအကူအညီပေးရေးလုပ်သားတွေ ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ရရှိရေးနဲ့ ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေးတို့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်ပေါင်းများစွာကတည်းက ကုလသမဂ္ဂက တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

“ခရီးစဉ်ကနေ အောင်မြင်မှုတွေ မြန်မြန်ရလာမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါက မြန်မာအစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားရမယ့်အရာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်ကို အကူအညီတွေ ပေးပို့မှုကို မြန်မာအစိုးရက ဘာလို့တားဆီးထားတာလဲလို့ မေးမြန်းမှုကိုတော့ “ဒါက မြန်မာအာဏာပိုင်တွေကို မေးရမယ့် ကျိုးကြောင်းညီညွတ်တဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

“သွားလာခွင့် ဖြစ်နိုင်သမျှ အမြန်ဆုံးရတာ ကျွန်တော်တို့ မြင်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေရှ့်-မြန်မာနယ်စပ်အနီးမှာ ရိုဟင်ဂျာ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ လောက် သောင်တင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက အစောပိုင်းမှာ ပြောကြားထားပါတယ်။

ထွက်ခွာသွားဖို့နဲ့ သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် အများအပြားကတော့ ရခိုင်ပြည်နယ်က သူတို့အိမ်တွေမှာ ဆက်နေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic က ပြောပါတယ်။

“နောက်ဆုံးမှာတော့ သူတို့ကျေးရွာတွေ မီးရှို့ခံခဲ့ရတဲ့အချိန်မှာ သူတို့ ထွက်ပြေးခဲ့ကြပါတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ရဲစခန်းတွေ အတိုက်ခံရပြီးတဲ့နောက် စစ်သွေးကြွတွေကို အမြစ်ဖြုတ်ဖို့အတွက် စစ်တပ်က စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာလို့ မြန်မာအာဏာပိုင်တွေက ပြောကြားကြပေမယ့် ဒီလို စစ်တပ်က ဆောင်ရွက်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုရှင်းလင်းရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ရှုံ့ချထားပါတယ်။

“အောင်မြင်တဲ့ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်မှုဆိုတာ လုံခြုံရေးကိစ္စဆောင်ရွက်မှု တစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး”လို့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ Feltman က ပြောကြားခဲ့တယ်လို့ Dujarric က ပြောပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar