ဟောပြော၊ ဝေဖန် ပြောဆို ရေးသားမှုများ မပြုလုပ်ရန် ဦးဝီရသူအား အစိုးရက တားမြစ်

ရန်ကုန်၊ မတ် ၁၁

မူဆလင်ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ရာတွင် နာမည်ကြီးသူ ဦးဝီရသူအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်သလို ထိုသို့ ပိတ်ပင်မှုအား ဆန့်ကျင် ဝေဖန်ပြောဆိုပါက ဥပဒေအရ အရေးယူသွားမည်ဟု အစိုးရက ယနေ့ ကြေညာလိုက်သည်။

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား မတ် ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ် ၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောပြောခြင်းမပြုရန် မတ် ၉ ရက်နေ့က ပြုလုပ်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးဝီရသူအနေဖြင့် တရားဟောပြောခွင့် ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှ သော်လည်းကောင်း၊ သတင်းမီဒီယာများဖြင့်သော်လည်းကောင်း ဆန့်ကျင်ဝေဖန်ပြောဆိုခြင်းများ ဆောင်ရွက်လာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၏ နာယကအဖွဲ့ဝင်ဖြစ်သည့် ဦးဝီရသူသည် ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရား ပွားများစေပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟာပြောမှုများ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေနိုင်သည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် နိုင်ငံတော် သံဃမဟာနယကအဖွဲ့ (မဟန)က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက် ကျူးလွန်နေခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ် သံဃမဟာနယက အဖွဲ့များထံ မဟနက မတ် ၁၀ ရက်နေ့တွင် ဖြန့်ဝေခဲ့သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါ တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟုလည်း ဆက်လက်ညွှန်ကြားထားသည်။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မတ် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင်လည်း “ဦးဝီရသူ၏ ဘာသာ သာသနာရေးနှင့် သက်ဆိုင်ခြင်းမရှိသော အမုန်းစကားများကို အခြေခံ၍ လှုံဆော် ပြောဆိုမှုများသည် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတစ်ပါး၏ ဝိနည်း တရားတော်နှင့် မညီညွတ်သော ဆောင်ရွက်ချက်များဖြစ်နေသဖြင့် အများပြည်သူအကြား ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကိစ္စရပ်များ၌ မလိုလားအပ်သည့် အငြင်းပွားမှုများ၊ ပြဿနာများ ဖြစ်ပွားလာစေရန် ဖန်တီးလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်” ဟု ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျဖြိုးတို့အား ကျေးဇူးတင်ကြောင်း ဦးဝီရသူက Facebook စာမျက်နှာပေါ်တွင် ရေးသားမှုနှင့် အခြားသော ဆက်စပ် ရေးသားမှုများမှာ “ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနှင့် မညီသည့် ရေးသားမှုများ” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Wira Thu facebook account မှ ၁-၃-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၄ မိနစ် အချိန်၌ “အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝီရသူ-မစိုးရိမ် account မှ ၂-၃-၂၀၁၇ ရက်နေ့၊ ညနေ ၆ နာရီ ၅၁ မိနစ် အချိန်၌ “ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စသည့် ရေးသားမှုများကို လည်းကောင်း၊ ၅-၃-၂၀၁၇ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ် အချိန်၌ “ပျော်စရာကောင်းတဲ့ မသာအလောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနှင့် မညီသည့် ရေးသားမှုများကို လူမှုကွန်ရက် အင်တာနက်သို့ လွှင့်တင်ခဲ့ပါသည်”ဟု ဖော်ပြထားသည်။

ထို့ပြင် ဦးဝီရသူသည် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဖေဖော်ဝါရီ ၉ ရက်နေ့ညက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူးကျေးရွာ ဘောလုံးကွင်း၌ “ဒို့တာဝန်အရေး(၃)ပါးနှင့် ၉၆၉” ခေါင်းစဉ်ဖြင့် တရားဟောခဲ့ရာတွင်လည်း “သမ္မတကြီးဦးသိန်းစိန် အစိုးရနှင့် သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်၍ နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဟောပြောခြင်း၊ မတူညီသော ဘာသာဝင်များအကြားတွင် အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဦးဝီရသူအား တရားဟောပြောခွင့် ပိတ်သိမ်းပေးရန် သို့မဟုတ် လိုအပ်သလို အရေးယူပေးနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လျှောက်ထားခဲ့သေးသည်ဟု ဆိုသည်။

ယခုကဲ့သို့ တရားဟောပြောခွင့် ပိတ်ပင်ခံရပြီးနောက် ပါးစပ်အား တိတ်များဖြင့် ပိတ်ကာ တရားဟောစင်မြင့်ပေါ်တွင် မျက်စိပိတ်ကာ ထိုင်နေသည့် ဦးဝီရသူ၏ ဓာတ်ပုံများအား Wira Thu ဟူသည့် Facebook စာမျက်နှာတွင် ယနေ့ ညပိုင်းက လွှင့်တင်ထားသည်ကို တွေ့ရသည်။

အဆိုပါ ဓာတ်ပုံများနှင့်အတူ “အိမ်မဲ၊ သီးကွင်းရွာတရားပွဲလေးပါ။အရပ်သားစစ်စ် အစိုးရ၊ ဒီမိုကရေစီ အစိုးရ၊ တရားဥပဒေစိုးမိုးရေး ကြွေးကြော်ပြီး တက်လာတဲ့အစိုးရ၊ လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လူ့အခွင့်ရေး အမြဲတောင်းဆိုပြီး တက်လာတဲ့အစိုးရ လက်ထက်မှာ
ပထမဦးဆုံး အပိတ်ခံရတဲ့ ဓမ္မကထိကရဲ့
ပလာစတာ တရားပွဲဖြစ်ပါတယ်” ဟုလည်း ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar