ဟောပြောပွဲများ ကန့်သတ်မှုအပေါ် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ လက်မခံ

စီဇံမျိုးကျော်

တက္ကသိုလ်နှင့် ကောလိပ်များတွင် ပြုလုပ်နေသည့် ဟောပြောပွဲများနှင့် စာတမ်းဖတ်ပွဲများတွင် သတ်မှတ်ထားသည့် ခေါင်းစဉ်အတိုင်းသာ ဟောပြောရန် ပညာရေးဝန်ကြီးဌာနက စာထုတ်ကန့်သတ်ခြင်းသည် လွပ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ကျောင်းသားသမဂ္ဂများက ဝေဖန်လိုက်သည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပြုလုပ်နေသည့် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ဆွေနွေးပွဲများပြုလုပ်ရာတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပွဲများကို ခွင့်မပြုရန် တားမြစ်ကြောင်း မေ ၂၁ ရက်နေ့တွင် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တားမြစ်ချက်အား ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်တစ်ခုကို ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၁ဖွဲ့က မေ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင်ပင် အဆင့်မြင့်ပညာဦးစီးဌာနက စာတစ်စောင် ထပ်မံထုတ်ပြန်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဟောပြောပို့ချမည့် အကြောင်းအရာပါကိစ္စနှင့် ဆက်နွယ်မှုမရှိသည့် အကြောင်းအရာများကို ဟောပြောပို့ချခြင်း မပြုရန် တားမြစ်ခဲ့သည်။

ထို့နောက် ဇွန် ၂ ရက်နေ့တွင်မူ နိုင်ငံရေးနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများအား တက္ကသိုလ်၊ ကောလိပ်များတွင် ခွင့်မပြုရန် ညွှန်ကြားထားမှုကို ပယ်ဖျက်လိုက်သည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ထပ်မံ ကြေညာခဲ့သည်။ သို့သော် သတ်မှတ်ထားသည့် ခေါင်းစဉ်အတိုင်းသာ ဟောပြောရမည်ဟု ဖော်ပြထားသည်။

“စာတမ်းဖတ်ပွဲတို့၊ ဆွေးနွေးပွဲတို့ဆိုတာက အမြင်သဘောထား ဘောင်ကျယ်ကျယ်နဲ ဆွေးနွေးရတဲ့အခါ မူလခေါင်းစဉ်နဲ့ မဆိုင်တဲ့ အခြား အကြောင်းအရာတွေလဲ ဆွေးနွေးရတာတွေလဲ ရှိလာနိုင်တယ်။ အဲဒီအတွက် သတ်မှတ်ခေါင်းစဉ်အတိုင်း ဟောပြောရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ မဖြစ်သင့်တဲ့ သတ်မှတ်ချက် လို့မြင်တယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောသည်။

ကျောင်းသားများအနေဖြင့် ၎င်းတို့ ဟောပြောလိုသည့် ခေါင်းစဉ်ကို သက်ဆိုင်ရာတက္ကသိုလ်၏ ပါမောက္ခချုပ်ထံ တင်ပြရန် လိုအပ်ပြီး ပါမောက္ခချုပ်မှ တာဝန်ယူ တာဝန်ခံပြီး ခွင့်ပြုပေးနိုင်သည်ဟု အဆင်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

သို့သော် ဟောပြောမည့်ခေါင်းစဉ်သည် ၎င်းတို့လက်ခံနိုင်သည့် ခေါင်းစဉ်မျိုးဖြစ်ရန်လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့ ဘာဟောပြောချင်လဲ။ စာပေဟောပြောမှာလား။ လူမှုရေးဟောပြောမှာလား။ ဘာသာရပ်ဟောပြောမှာလား။ ရတယ်။ အဲဒီ ခေါင်းစဉ်တင်လေ။ အဲဒီခေါင်းစဉ်အတိုင်းဟောပြောရင် ကျွန်တော်တို့ ဘာမှလုပ်စရာ အကြောင်းမရှိဘူး” ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုရန်နိုင်ဟိန်းက ်ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ကန့်သတ်သည့် အမိန့်စာများ ထုတ်ပြန်မည်ဆိုပါက သက်ဆိုင်ရာ ကျောင်းသားများ၊ ဆရာများနှင့် ကျောင်းသား သမဂ္ဂများနှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပြီးမှ ထုတ်ပြန်သင့်ကြောင်း ပြောကြားသည်။

“ဒီလိုစာထုတ်တာဟာ အင်အယ်လ်ဒီ အစိုးရလက်ထပ်မှာ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ဟောပြောပိုင်ခွင့်ကို ပိတ်ပင်တယ်လို့ မြင်တယ်။ ကျောင်းသားတွေကို နိုင်ငံရေးနဲ့ မပတ်သက်ခိုင်းတာကလည်း အရင် စစ်အာဏာရှင် လက်ထက်က ကျောင်းသားတွေကို နိုင်ငံရေးပိတ်ပင်ခဲ့တဲ့ပုံစံ မျိုးနဲ့ ဆင်တူနေတယ်လို့မြင်တယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းတို့အနေဖြင့် ယခင်လုပ်နေကြ ပုံစံအတိုင်းသာ ဟောပြောပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar