ဟိန္ဒူများကို အာဆာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ဟု လူ့အခွင့်အရေးအဖွဲ့ ပြောကြား

အေအက်ဖ်ပီ

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အုံကြွမှုအတွင်း ဟိန္ဒူရွာသားများကို ရိုဟင်ဂျာစစ်သွေးကြွများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ ပြည်နယ်တွင်း ရှုပ်ထွေးသည့် လူမျိုးစုပြိုင်ဆိုင်မှုများကို မီးမောင်းထိုးပြလိုက်သည်။

အဆိုပါ သတ်ဖြတ်မှုများမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါနေ့တွင်ပင် ရိုဟင်ဂျာ သောင်းကျန်းသူများသည် ရဲစခန်းများကို ကြောက်မက်ဖွယ်ကောင်းသည့် စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နိုင်ငံကို အကြပ်အတည်း ဆိုက်ရောက်စေခဲ့သည်။

မြန်မာစစ်တပ်က အဆိုပါစီးနင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရာ မူစလင် ၇၀၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။

စစ်တပ်၏ နှိမ်နင်းမှုမှာ မူစလင်များကို လူမျိုးစုအလိုက် ရှင်းလင်းမှုပြုလုပ်ခြင်းဟု ကုလသမဂ္ဂက ပြောကြားပြီး စစ်သားများနှင့် ရပ်ရွာစောင့် အဖွဲ့ဝင် အုပ်စုများကိုလည်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော်လည်း စစ်သွေးကြွများကလည်း သတ်ဖြတ်နှိပ်စက်မှုများ ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာက စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ဟိန္ဒူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေး တပ် (အာဆာ) တို့က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလတွင် အဆိုပါနေရာရှိ သင်္ချိုင်းတစ်ခုမှ အလောင်းများတူးဖော်မှုကို ကြည့်ရှုရန် အေအက်ဖ်ပီအပါအဝင် သတင်းထောက်များကို စစ်တပ်က ခေါ်ဆောင်သွားခဲ့သည်။ အာဆာဟုခေါ်သည့် စစ်သွေးကြွများကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ထိုစဉ်က ငြင်းဆိုခဲ့သည်။

သို့သော်လည်း မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာစုတွင် အာဆာက ကလေးအများစုအပါအဝင် ဟိန္ဒူ ၅၃ ဦးကို သေဒဏ်စီရင်သည့်ပုံဖြင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှု အသစ်တစ်ခုက အတည်ပြုထားသည်ဟု AI က မေ ၂၃ ရက်နေ့တွင် ပြောကြားသည်။ “မြေပြင်မှာ ကျွန်မတို့ရဲ့ နောက်ဆုံး စုံစမ်းစစ်ဆေးချက်တစ်ခုက မကြာသေးခင်က ရခိုင်ပြည်နယ်ရဲ့ ကြောက်မက်ဖွယ် သမိုင်းဖြစ်စဉ်အတွင်း အများအားဖြင့် အစီရင်ခံဖို့ လိုနေသေးတဲ့ အာဆာရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြလိုက်တာပါ” ဟု AI ၏အကျပ်အတည်းတုံ့ပြန်ရေးဒါရိုက်တာ တီရာနာဟာဆန်က ပြောသည်။

ယင်းရက်စက်မှုများအတွက် တာဝန်ရှိမှုမှာ ရခိုင်မြောက်ပိုင်းတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သော ပြစ်မှုများကဲ့သို့ပင် အတိမ်းအစောင်းမခံကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားများနှင့် အရပ်ဝတ်အရပ်စားဖြင့် ရိုဟင်ဂျာရွာသားများက ဟိန္ဒိူဒါဇင်များစွာကို စု၍ မျက်နှာများကို အဝတ်စည်းကာ အပြင်ကို ခေါ်ထုတ်သွားခဲ့ကြောင်း မသေဘဲ အသက်ရှင်ကျန်ခဲ့သည့် လူရှစ်ဦးကို ကိုးကား၍ AI ကပြောကြားသည်။ “သူတို့က (ဟိန္ဒိူ) အမျိုးသားတွေကို သတ်တယ်။ သူတို့ကို မကြည့်ရဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ သူတို့မှာ ဓါးတွေရှိတယ်။ ဂေါ်ပြားနဲ့ သံချောင်းတွေလည်းရှိတယ်” ဟု ၁၈နှစ်အရွယ် ရာ့ဂျ်ကူမာရီက AI ကို ပြောသည်။

သူက ခြုံပုတ်ထဲတွင် ပုန်းကာ သူ၏ဖခင်၊ အစ်ကိုနှင့် ဦးလေးတို့ သတ်ဖြတ်ခံနေရသည်ကို ကြည့်နေခဲ့ရသည်ဟု ၎င်းက ပြောသည်။ ရေပေါက်ကြာဟု ခေါ်သော အနီးရှိ ရွာတစ်ရွာတွင်လည်း ဟိန္ဒိူအမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၄၆ ဦးမှာ အဆိုပါနေ့တွင်ပင် ပျောက်ဆုံးခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ပျောက်ဆုံးသူတို့ကို အာဆာက သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်သည့် ဒေသခံ ဟိန္ဒိူများထံမှ ရရှိသည့် သတင်းအချက်အလက်ကို ကိုးကား၍ အစီရင်ခံစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြပ်အတည်း မဖြစ်ပေါ်မီက အဓိကအားဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်တို့ နေထိုင်ကြသည် ဆိုသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက နေထိုင်နေကြသည့် ဟိန္ဒိူလူနည်းစုလည်း ရှိနေသည်ကို တွေ့ရသည်။ ၎င်းတို့အနက် အများအပြားကို လုပ်အားခဈေးပေါ၍ ဗြိတိသျှနယ်ချဲ့တို့က ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပိုမိုသေးငယ်သည့် လူမျိုုးစုအချို့ကိုလည်း ခေါ်ယူခဲ့သေးသည်။

မြန်မာနိုင်ငံသည် လူအသိုင်းအဝိုင်းက အကြမ်းဖက်မှု၏ ပစ်မှတ်ထားခံနေရသည့် နိုင်ငံမဲ့ ရိုဟင်ဂျာများကို နှိပ်စက်နေသည်ဆိုကာ နိုင်ငံတကာ၏ ရှုတ်ချမှုနှင့် ရင်ဆိုင်နေရသည်။ အစိုးရက မည်သည့် နှိပ်စက်မှုမျှမရှိကြောင်း ငြင်းဆိုခဲ့ပြီး လူ့အခွင့်အရေးအုပ်စုများကသာ ရိုဟင်ဂျာတို့ဘက်မှ ဘက်လိုက်နေသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။

“မြန်မာအပေါ် နိုင်ငံတကာရဲ့ ဖိအားက အာဆာရဲ့ လုပ်ရပ်တွေအတွက် အခွင့်အရေးမဖြစ်ဖို့ အရေးကြီးပါတယ်”ဟု AI ၏ အစီရင်ခံစာနှင့် ပတ်သက်၍ မေးမြန်းစဉ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက အေအက်ဖ်ပီကို ပြောသည်။ အကြပ်အတည်းနှင့်ပတ်သက်ပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပြုရေးအတွက် မြန်မာနိုင်ငံအပေါ် စောဒကတက်မှုအား အစီရင်ခံစာက ခိုင်မာအောင်လုပ်သင့်ကြောင်း လွတ်လပ်သည့် လေ့လာသုံးသပ်သူ ဒေးဗစ်မက်သီယက်ဆင်က ပြောသည်။

ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာသို့ မီဒီယာများဝင်ရောက်မှုကို အာဏာပိုင်များက ပြင်းထန်စွာ တင်းကျပ်ထားပြီး ကုလသမဂ္ဂ စစ်ဆေးရေးမှူးများ ဝင်ရောက်မှုကိုလည်း တားမြစ်ထားသည်။ “လူသားချင်းစာနာထောက်မှု အကူအညီပေးရေး လုပ်သားတွေ၊ သုတေသီတွေနဲ့ ဂျာနယ်လစ်တွေကို ဝင်ခွင့်မပေးခြင်းဟာ ငြင်းပယ်တဲ့ ယဉ်ကျေးမှုကို တရားဝင် ဖြစ်လာစေပြီး ဒါဟာ ကမ္ဘာ့အမြင်မှာ ယုံကြည်မှုကင်းမဲ့စေပါလိမ့်မယ်” ဟု ဒေးဖစ်မက်သီယက်ဆင်က အေအက်ဖ်ပီကို ပြောကြားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar