ရန်ကုန်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၄ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မည်သူ တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်း မရှိသလို သံရုံး၏ လုပ်ငန်းများလည်း ပုံမှန်လုပ်ဆောင်နေသည်ဟု ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်းမှ အနံနှင့် မီးခိုးများ ထွက်ပေါ်လာသဖြင့် အနီးပတ်ဝန်းကျင်တွင် ရှိနေသူများနှင့် လမ်းသွားလမ်းလာများ အထိတ်တလန့်ဖြစ်ခဲ့ရကာ ရဲကားများ၊ မီးသတ်ကားများနှင့် အရေးပေါ် လူနာတင်ယာဉ်များ ရောက်ရှိလာခဲ့သည်။
ထို့ပြင် သံရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟူသည့် သတင်းများလည်း လူမှုကွန်ယက်တွင် ပြန့်နှံ့သွားခဲ့သည်။
သို့သော် အဆိုပါဖြစ်စဉ်မှာ သံရုံးအတွင်း လုံခြုံရေးလေ့ကျင့်ရာမှာ မျက်ရည်ယိုဗုံး ပေါက်ကွဲကာ မီးခိုးနှင့် အနံ့များ ပျံ့လွင့်သွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော် သံရုံး၏ ထုတ်ပြန်ချက်တွင်မူ “ဇူလိုင် ၂၄ ရက်၊ တနင်္ဂနွေညပိုင်းက ရန်ကုန်မြို့၊ အမေရိကန်သံရုံး၌ ပုံမှန်လုံခြုံရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ရာတွင် အမှုမဲ့ အမှတ်မဲ့ဖြစ်ကာ လမ်းသွားလမ်းလာများနှင့် သံရုံးအနီးအနား ပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများအတွက် ကသိကအောက်ဖြစ်၍ အဆင်မပြေမှုများ ဖြစ်စေခဲ့ပါသည်” ဟုသာ ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ကာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိသလို ရဲတပ်ဖွဲ့က ပြောကြားခဲ့သည့် မျက်ရည်ယိုဗုံးပေါက်ကွဲမှုဆိုသည်ဟူသည့် အချက်နှင့် ပတ်သက်ပြီးလည်း ထည့်သွင်း ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။
“ဤဖြစ်စဉ်တွင် မည်သူတစ်ဦး တစ်ယောက်မှ ဒဏ်ရာရရှိခြင်း မရှိသလို၊ သံရုံး၏ လုပ်ငန်းဆောင်တာများလည်း ပုံမှန် ဆောင်ရွက်လျက် ရှိပါသည်” ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဖြစ်ပွားခဲ့ရခြင်းအတွက် သံရုံးအနီးတစ်ဝိုက် ပတ်ဝန်းကျင်အတွင်း နေထိုင်ကြသူများနှင့် ထိုနေရာအတွင်း ရောက်ရှိခဲ့ကြသူများ အားလုံးကို တောင်းပန်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စမ်းသမ်မှုအား စမ်းသပ်ကွင်းထဲတွင် စမ်းသပ်ခြင်းဖြစ်ကာ ပြင်ပသို့ မီးခိုးများ ပျံ့လွင့်သွားခြင်းဖြစ်ကြောင်းနှင့် ထိုသို့ လေ့ကျင့်စမ်းသပ်မှုများ ထပ်မံပြုလုပ်ပါက ဌာနဆိုင်ရာများထံ တင်ပြင်ခွင့်ပြုချက် ရယူပြီးမှ ပြုလုပ်သွားမည်ဟု အမေရိကန်သံရုံး တာဝန်ရှိသူများက ပြောကြားသည်ဟု ကမာရွတ်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဇော်ဝင်းက Eleven Media အား ပြောကြားခဲ့သည်။
ထိုစမ်းသပ်မှုအတွက် ရဲတပ်ဖွဲ့အား ကြိုတင်အသိပေးခြင်း မရှိခဲ့သည့်အတွက်လည်း သံရုံးက တောင်းပန်ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
သံရုံးဝင်းအတွင်း ထိုကဲ့သို့ လေ့ကျင့်မှုအား အစိုးရထံ ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိခဲ့မှုအပေါ် လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုများ ရှိနေသည်။