သူရဦးရွှေမန်း၏ ထုတ်ပြန်စာက တပ်မတော် ပြိုကွဲရေးကို ဦးတည်နေသည်ဟု တပ်မတော်က တုံ့ပြန်

13043741_1701707490086172_3734127332674383100_n.jpg

 title=

title=

ရန်ကုန်၊ ဧပြီ ၂၆

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့အတွက် သူရဦးရွှေမန်း၏ မေတ္တာမွန် စာလွှာပါ ဖော်ပြချက်များသည် တပ်မတော် ပြိုကွဲရေးကို ဦးတည်နေသည်ဟု တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် အဆိုပါ မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးရွှေမန်း၏ တရားဝင် ဖေ့ဘုတ်ခ် စာမျက်နှာတွင် အဆိုပါနေ့က ဖော်ပြခဲ့သည်။

သို့သော် အဆိုပါစာပါ ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ် ကျောင်းဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့်အတွက် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/ အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်ဟု တပ်မတော်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူရဦးရွှေမန်း၏ စာတွင် “ပြည်သူတွေဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာ၊ သိကြရပြီ။ တို့တစ်တွေကို အဖေ၊အမေက မွေးမြူပြုစုခဲ့တာ (၁၇/၁၈)နှစ်သား အထိသာ။ ဒီနောက်တော့ ပြည်သူနှင့် တိုင်းပြည်က ကျွေးမွေးစောင့်ရှောက် မြေတောင်မြှောက်ပေးခဲ့တယ်။ ဒီတာဝန်ကို တပ်မတော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးခဲ့တယ်” ဟု ရေးသားထားသည်။

ထို့ပြင် “တို့တစ်တွေသည် ငါတို့သည် နိုင်ငံတော်မှ ကျွေးသော ထမင်းများကိုစား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေ ပါမည်ဟု သစ္စာပြုထားသူများ ဖြစ်ပါသည်။ တို့တစ်တွေ သိတဲ့အတိုင်း ပြည်သူများက ရွေးချယ်တာဝန် ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင်၊ ပြည်သူအကျိုးစီးပွား ဖြစ်ထွန်းအောင် မေတ္တာ သစ္စာဖြင့် နိုင်ငံနှင့် ပြည်သူ့အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြားသိနေပါသည်။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ တရားဖြင့် ပါဝင် ပူးပေါင်း ဆောင်ရွက်ရမည့် အချိန်အခါကောင်းဖြစ်ပါသည်” ဟုလည်း သူရဦးရွှေမန်းက ရေးသားထားသည်။

စာ၏ အဆုံးတွင် “တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည်” ဟု ရေးသားထားသည်။

ထိုသို့ရေးသားထားမှုကို တပ်မတော်က ပယ်ချလိုက်ပြီး မြှောက်ပင့်ပေးသည့် သဘော သက်ရောက်စေသည်ဟု တုံ့ပြန်ခဲ့သည်။

“၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အစဉ်တစိုက် ပြောဆို လုပ်ဆောင်ခဲ့သည်များကို လစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရပါသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သူရဦးရွှေမန်း၏ ရေးသားဖော်ပြချက်များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော် ပြိုကွဲရေး၊ အစိုးရအဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar