သူရဦးရွှေမန်း၏ ကော်မရှင်အား ပြည်ထောင်စုလွှတ်တော် သက်တမ်းမတိုး

သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အား ထပ်မံ သက်တမ်းမတိုးရန် ပြည်ထောင်စုလွှတ်တော်က ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးရန် လိုအပ်သည့် အဆိုပါကော်မရှင်အား ထပ်မံသက်တမ်းတိုးမြှင့်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက်ရယူချိန်တွင် ကန့်ကွက်မဲ ၅၅၅ မဲနှင့် ထောက်ခံမဲ ၂၀ မဲရရှိသဖြင့် သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်အား ၂၀၁၆ ခုနှစ်၊ မတ် ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်အဆင့်ရှိသည့် ယခင်ကော်မရှင်အား ဖျက်သိမ်းကာ ပြည်ထောင်စုလွှတ်တော် ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖွဲ့စည်းမှုကို တပ်မတော်က သဘောတူညီခဲ့ခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ကော်မရှင်တည်ရှိမှုက အခြေခံဥပဒေနှင့် ညီမညီ စိစစ်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်နေ့တွင် တပ်မတော်သားကိုယ်စားလှယ်များက တင်ပြလျှောက်ထားခဲ့သည်။ သို့သော် ကော်မရှင်ဖွဲ့စည်းမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်မှုမရှိဟု ထိုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ခုံရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။

ထို့ပြင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များက ကော်မရှင်အား ပထမအကြိမ်နှင့် ဒုတိယအကြိမ် သက်တမ်းတိုးစဉ်ကလည်း တပ်မတော်ဖက်က သဘောမတူဘဲ ကန့်ကွက်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ထပ်မံသက်တမ်းမတိုးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့မှုမှာ သူရဦးရွှေမန်းက နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ဟု အမည်ပေးထားသည့် နိုင်ငံရေးပါတီသစ်ကို ထူထောင်မည်ဟု သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကြေညာခဲ့ပြီး ပြည်သူ့အကျိုးစီးပွား ဆောင်ရွက်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်နှင့် စီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်း၏ ကော်မရှင်တွင် ပါဝင်သည့်အချို့အဖွဲ့ဝင်များက ပါတီသို့ ဝင်ရောက် ပူးပေါင်းလိမ့်မည်ဟု နားလည်ထားသည်ဟု ပြည့်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အချက်အလက် စုဆောင်းထားသည့် Ānanda Data အား တည်ထောင်သူ ကိုထင်ကျော်အေးက Frontier ကို ထိုစဉ်က ပြောကြားခဲ့ဖူးသည်။

“ဒါပေမယ့် (ပါတီကို) တရားဝင်မှတ်ပုံတင်ပြီးတာနဲ့ သူတို့ တာဝန်တွေက နှုတ်ထွက်သင့်ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်မရှိတဲ့ ပါတီတစ်ခုက ကော်မရှင်ကို လွှမ်းမိုးမှုရှိနေရင် လွှတ်တော်ရဲ့ ပုံရိပ်အတွက် မကောင်းပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရပါတီထံ အာဏာလွှဲပြောင်းပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တိုင်းပြည်အား အုပ်ချုပ်နေစဉ်ကာလက နံပတ် ၃ ခေါင်းဆောင်အဖြစ် အများက ယုံကြည်လက်ခံထားကြသူတစ်ဦး ဖြစ်သည်။

ထိုရွေးကောက်ပွဲအပြီး ၂၀၁၁-၁၅ သက်တမ်းကာလတွင် အနိုင်ရပါတီဖြစ်ခဲ့ကာ တပ်မတော်အရာရှိဟောင်းများ ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

USDP ပါတီအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သဘောထားကွဲပြားမှု များပြားနေခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ ရာထူးအပြင် ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ထံ အာဏာလွှဲပြောင်းရေးကိစ္စများ ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ပံ့ပိုးပေးခဲ့သည်ဟု ယုံကြည်ထားကြသည်။

NLD အာဏာရပြီးချိန်တွင် သူရဦးရွှေမန်းကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်အဖြစ် သတ်မှတ်နိုင်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန် အပ်နှင်းခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar