ရန်ကုန်၊ ဇွန် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ၏ ခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း ကြေညာချက်အတုသည် အာဏာရပါတီနှင့် ပြည်သူများအကြား ဇဝေဇဝါဖြစ်အောင် လုပ်ခြင်းဖြစ်ကြောင်း NLD ထိပ်ပိုင်း ခေါင်းဆောင်များက တုန့်ပြန်လိုက်သည်။
ယခင်စစ်အစိုးရတွင် တတိယမြောက် အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်ခဲ့ကာ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်း ခေါင်းဆောင်လည်း ဖြစ်ခဲ့သည့် သူရဦးရွှေမန်းကို NLD ၏ ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း ကြေညာချက်တစ်ခုမှာ ဇွန် ၂၄ ရက်နေ့တွင် Facebook ပေါ်၌ ပြန့်နှံ့ခဲ့သည်။
“ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့”ဟု လက်မှတ်ရေးထိုးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်တံဆိပ်တုံးပါ အဆိုပါကြေညာချက်အတုသည် ပါတီ၏ ဗဟိုကော်မတီ သတ္တမအကြိမ်မြောက် အစည်းအဝေးအား ရန်ကုန်တွင် ကျင်းပနေသည့်အချိန်နှင့် တိုက်ဆိုင်ကာ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါကြေညာချက်နှင့် ပတ်သက်ပြီး NLD ဌာနချုပ်တွင် ဇွန် ၂၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် “လုံးဝအတုပါ”ဟု ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။
NLD ၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းထိန်က အဆိုပါလုပ်ရပ်သည် အာဏာရ NLD နှင့် ပြည်သူအကြား ဇဝေဇဝါဖြစ်အောင် လုပ်ခြင်းဖြစ်နိုင်ကြောင်း ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်သမျှကို ဒေါက်ထောက်ကြည့်နေတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက အခွင့်အရေးရတာနဲ့ ပုံမှားရိုက်ပြီး ဇဝေဇဝါဖြစ်အောင်လုပ်တာ အခုမှမဟုတ်ဘူး။ တောက်လျှောက် လုပ်နေတာ”ဟု ဦးဝင်းထိန်က ပြောသည်။
သို့သော် မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ ထင်မြင်ချက်ကိုမူ NLD ထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားခဲ့ခြင်းမရှိပေ။
ယခင်အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ သူရဦးရွှေမန်းမှာ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌအဖြစ်မှ ၂၀၁၃ ခုနှစ်၊ မေလတွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
သတင်း-ထွန်းခိုင်