သူရဦးရွှေမန်းကော်မရှင်၊ တပ်မတော် လက်မခံမှုနှင့် အတိတ်ခြေရာ

ဉာဏ်လှိုင်လင်း

တပ်မတော်မှာ နှစ်ပေါင်း ၄၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကော်မရှင် တည်ရှိမှုအပေါ် တပ်မတော်ရဲ့ ကန့်ကွက်မှုတွေ ဆက်လက် ရှိနေပါတယ်။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဒုတိယအကြိမ် တစ်နှစ်သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ သဘောထားတောင်းခံတဲ့အခါ တပ်မတော်သားတစ်ဦးက မတ်တပ်ထပြီး ကန့်ကွက်ခဲ့တာပါ။

အစဉ်တစ်စိုက် ကန့်ကွက်ခဲ့

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ရက်နေ့က ပထမအကြိမ် သက်တမ်းတိုးတုန်းကလည်း တပ်မတော်ဖက်က သဘောမတူတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။

အဲဒီမတိုင်မီ တစ်နှစ်ခန့် ၂၀၁၆ ခုနှစ်၊ မတ် ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အဆင့်ရှိတဲ့ ကော်မရှင်ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလွှတ်တော်ကော်မရှင်အဖြစ် စတင်ဖွဲ့စည်းစဉ်တုန်းကလည်း တပ်မတော်ဖက်က ကျေလည်ခဲ့တာ မဟုတ်ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာ လာရောက်တာဝန်ထမ်းနေတဲ့ တပ်မတော်သား ၅၀ ဦးရဲ့ လက်မှတ်နဲ့ ဒီကော်မရှင်တည်ရှိမှုဟာ အခြေခံဥပဒေနဲ့ ညီမညီ စိစစ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ၂၀၁၇ ခုနှစ်၊ မေ ၂၃ ရက်နေ့ကတင်ပြလျှောက်ထားတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ ခုံရုံးက ကော်မရှင်ဖွဲ့စည်းမှုဟာ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်မှုမရှိဘူးလို့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပြီး တပ်မတော်ဖက်က တင်ပြလာမှုဟာ ပယ်ချခံလိုက်ရပါတယ်။

အဲဒီနောက် ဒီကော်မရှင်ကို သက်တမ်းတိုးဖို့ ရှိလာတဲ့အခါ တပ်မတော်ဖက်က တောက်လျှောက် ကန့်ကွက်လာတာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံဖြတ်ချက်ကို ကျွန်တော်တို့ နားလည်ပါတယ်။ လိုက်လည်း လိုက်နာပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်တွေသွားပြီး ရောနေတယ်လို့ မြင်လို့ ကန့်ကွက်တာပါ”လို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မတ်တပ်ထ ကန့်ကွက်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အစည်အဝေး ခေတ္တရပ်နားချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။

ဒီကော်မရှင်ဟာ ဥပဒေကြမ်းတွေကိုသာ ရေးဆွဲ၊ ပြင်ဆင်၊ တင်သွင်းနေတာမို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်းကော်မတီတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေကို ရောထွေးသလို ဖြစ်နေတယ်လို့ တပ်မတော်ဖက်က ရှုမြင်နေတာပါ။

“လက်ရှိအနေအထားမှာ လုပ်နေတဲ့ဟာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ သွားရောထွေးနေတာ တွေ့ရတယ်။ အဲဒါကြောင့် ကန့်ကွက်တာပါ”လို့ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကဆိုတယ်။

တပ်မတော်က ကန့်ကွက်ခဲ့ပေမယ့် ကော်မရှင်သက်တမ်း တိုးမတိုး ပြည်ထောင်စုလွှတ်တော်ထံက အဆုံးအဖြတ်ရယူတဲ့အခါ ကန့်ကွက်မဲထက် ထောက်ခံမဲက ၁၁၆ မဲပိုတာမို့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဗိုလ်မှူးကြီး မျိုးထက်ဝင်းကတော့ “အနိုင်အရှုံး လာပြိုင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဥပဒေနဲ့မညီရင် ထောက်ပြတဲ့တာဝန်ကို လုပ်ပေးနေတာပါ”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ၁၆၆ ဦးရှိပေမယ့် ကန့်ကွက်မဲဟာ ၁၇၉ မဲဖြစ်တာမို့ ဒီကော်မရှင်အပေါ်တပ်မတော်နဲ့ သဘောထားတူညီတဲ့ အမတ် နောက်ထပ် ၁၃ ဦးရှိနေတယ်လို့ ဆိုနိုင်ပေမယ့် ဘယ်သူတွေလည်း ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

အတိတ်ကဇာတ်လမ်းတွေ

သူရဦးရွှေမန်းဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရပါတီထံ အာဏာလွှဲပြောင်းပေးသွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တိုင်းပြည်ကို အုပ်ချုပ်နေစဉ်ကာလမှာ နံပတ် ၃ ခေါင်းဆောင်အဖြစ် အများက ယုံကြည်လက်ခံထားကြသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲအပြီး ၂၀၁၁-၁၅ သက်တမ်းကာလမှာ အနိုင်ရပါတီဖြစ်ခဲ့တဲ့ တပ်မတော်အရာရှိဟောင်းကြီးတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ယူထားစဉ် ၂၀၁၅ ခုနှစ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားခဲ့ပေမယ့် ထင်ရှားတဲ့ရလဒ်တော့ မရခဲ့ပါဘူး။ ဒီအတောအတွင်း ဇူလိုင် ၂၄ ရက်နေ့မှာ သူ့ကို ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် တပ်မတော်မိသားစုဝင်တွေက ကိုယ်စားလှယ်အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်းမှုကို ကြုံခဲ့ရပေမယ့် အမတ်တာဝန် ပြန်ရုပ်သိမ်းတဲ့ ဥပဒေမရှိသေးတဲ့အတွက် အရေးယူခံရခြင်းတော့မရှိခဲ့ပါဘူး။

အဲဒီမတိုင်မီကတည်းက အာဏာရပါတီဖြစ်တဲ့ USDP အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ သဘောထားကွဲပြားမှု များပြားနေခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့အရောက်မှာ သူရဦးရွှေမန်းဟာ ပါတီဥက္ကဋ္ဌ ရာထူးအပြင် ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ခြင်းခံလိုက်ရသူပါ။

ဒါကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တစ်သီးပုဂ္ဂလအဖြစ် ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်တော့မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ထံ အာဏာလွှဲပြောင်းရေးကိစ္စတွေ ဆောင်ရွက်နေစဉ်မှာ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ သူတစ်ဦးလည်းဖြစ်တယ်။

NLD အာဏာရပြီးချိန်မှာ သူရဦးရွှေမန်းကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်အဖြစ် သတ်မှတ်နိုင်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌတာဝန်ကို အပ်နှင်းခံထားရသူပါ။ NLD အာဏာရပြီး သိပ်မကြာခင် ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁၁ ကျောင်းဆင်းပွဲအတွက် မေတ္တာမွန်လို့ စာသားအချို့ရေးသားခဲ့စဉ်ကလည်း အငြိမ်းစားအရာရှိတွေနဲ့ လက်ရှိတပ်မတော်အရာရှိတွေအကြား သွေးကွဲစေတယ်လို့ တပ်မတော်ဖက်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်မှုကို ကြုံခဲ့ရဖူးပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar