ရန်ကုန်၊ မေ ၁၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဦးဆောင်နာယက သူရဦးတင်ဦး၏ ကျန်းမာရေး အခြေအနေကို ဆေးရုံစတင်သည့်နေ့မှစ၍ တစ်ပတ်ပြည့်သည်အထိ စောင့်ကြည့်ပြီးမှ ဆက်လက် တိုးတက်မှုအခြေအနေကို ပြောနိုင်မည်ဟု ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းမင်းသစ်က ယနေ့ ပြောကြားသည်။
ဦးတင်ဦးမှာ မေ ၁၇ ရက်နေ့ ညက ၎င်း၏နေအိမ် ရေချိုးခန်းအတွင်း လဲကျခဲ့ရာမှ ရွှေဂုံတိုင်ဆေးရုံသို့ တင်ပို့ခဲ့ရပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ကုသနေခဲ့သည်မှာ ယနေ့တွင် သုံးရက်တိတိ ရှိသွားပြီဖြစ်သည်။
“ဒီ ခုနစ်ရက်အတွင်းမှာ ဦးနှောက်ရောင်တာ ရှိတယ်၊ သွေးကြောတွေ မမှန်တာတွေ ရှိတယ်၊ … အဲဒါတွေ အားလုံးက ခုနစ်ရက်စောင့်ကြည့်ရတာပေါ့။ ပြီးလို့ရှိရင် နောက်တပတ်အတွင်း rehabilitation (ပြန်လည်ထူထောင်လာဖို့အတွက်) ထပ်လုပ်ရတာပေါ့နော်” ဟု ဒေါက်တာဝင်းမင်းသစ်က ဆိုသည်။
ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်မှုအခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီး ရုံးခန်းအဆောင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
“ဦးနှောက်က ရောင်သွားတာပေါ့။ ဦးနှောက်ကို ကာရန်ထားတာက ရေနဲ့ ကာရန်ထားတော့ ဦးနှောက်က ရောင်သွားသေးတာပေါ့၊ ဒီမှာ အဲဒီအပိုင်းလည်းရှိပါသေးတယ်” ဟု လေဖြတ်ထားသည့် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ ဒေါက်တာဝင်းမင်းသစ်က ရှင်းပြသည်။
ထို့ပြင် “သူဟာ နောက်ဆုံး ဘယ်လောက်ထိကို တိုးတက်နိုင်တယ်ဆိုတာတော့ ကျွန်မတို့ တစ်လပြီးတာနဲ့တော့ သိနိုင်တာပေါ့၊ ဘယ်လောက်လုပ်လုပ် ဒီအပိုင်းက မတိုးတက်ဘူးဆိုရင်လည်း မတိုးတက်ဘူးပေါ့” ဟု ဒေါက်တာ ဝင်းမင်းသစ်က ဆိုသည်။
ရန်ကုန်အထွေထွေ ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေဆဲဖြစ်သည့် သူရဦးတင်ဦးသည် စိုးရိမ်နေရသည့် အခြေအနေမှ ပြန်လည် တိုးတက်လာခြင်းဖြစ်ကာ စကားမပြောနိုင်သေးသည်မှလွဲ၍ ခန္ဓာကိုယ်တခုလုံး လှုပ်နိုင်သည်ဟု ဆိုသည်။
သူရဘွဲ့ရရှိထားသည့် ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးသည် တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းက အသက် ၉၀ ပြည့်သွားပြီးဖြစ်သည့် ၎င်းသည် ဒီချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး စစ်အစိုးရလက်ထက်တွင် နှစ်ရှည်ထောင်သွင်း အကျဉ်းချခြင်းနှင့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းများကို ခံခဲ့ရသူဖြစ်သည်။
စစ်အစိုးရကို ပြင်းပြင်းထန် ဝေဖန်ပြောဆိုလေ့ရှိသူ ၎င်းသည် လက်ရှိတွင် ပါတီ၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူထားသည်။
သတင်း-မြတ်ကျော်သူ