“သူတို့နှစ်ယောက်လုံးကို အမြန်ဆုံး အိမ်ပြန်လာစေချင်ပါပြီ”

ဆုမြတ်မွန် ရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသား ၁၀ ဦး သတ်ဖြတ်လိုက်ခဲ့မှုကို သတင်းလိုက်နေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ပြည်တွင်းသတင်းထောက်နှစ်ဦးကို တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချလိုက်မှုဟာ နိုင်ငံတကာနဲ့ ပြည်တွင်း အသိုက်အဝန်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။

နိုင်ငံတကာသတင်းဌာနကြီးဖြစ်တဲ့ ရိုက်တာသတင်းဌာနအတွက် အလုပ်လုပ်နေတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ရဲအချို့နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ဖမ်းဆီးချိန်က သူတို့လက်ထဲမှာ လျှို့ဝှက်စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ချမှတ်ချိန်မှာတော့ သူတို့လက်ကိုင်ဖုန်းနဲ့ မှတ်စုစာအုပ်တွေထဲက တွေ့ရှိတဲ့အချက်အလက်တွေကြောင့် ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ တရားသူကြီးက ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ တကယ်ကျူးလွန်ခဲ့ခြင်းမရှိတဲ့ပြစ်မှုအတွက် ထောင်ဒဏ်ကျခံခဲ့ရတယ်ဆိုတာကို ပြည်တွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ယုံကြည်ထားကြပြီး သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုနေကြပါတယ်။

“ဒီအမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အများကြီး စိတ်ပျက်ရပါတယ်။ စိတ်ပျက်တယ်ဆိုတာက သူတို့ရှေ့နေမို့လို့ အမှုရှုံးနိမ့်လို့ စိတ်ပျက်တာ မဟုတ်ပါဘူး။ ဒါက လူငယ်သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ မိသားစုတွေအတွက် သီးသန့် စိတ်ပျက်တယ်ဆိုတာထက် မြန်မာနိုင်ငံကြီးအတွက်၊ ဒီမိုကရေစီတည်ဆောက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးအတွက် ဆိုးရွားလို့ စိတ်ပျက်ရပါတယ်” လို့ သတင်းထောက်နှစ်ဦး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က စက်တင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒါက သတင်းသမားတွေ အကုန်လုံးအတွက် သတင်းလွတ်လပ်စွာ ဖော်ပြခွင့်ကို တိုက်ရိုက် ထိခိုက်သွားတဲ့အတွက် အင်မတန် စိတ်ပျက် ဝမ်းနည်းမိပါတယ်။ မနေ့က ချမှတ်လိုက်တဲ့အမိန့်ဟာ မြန်မာ့ ဒီမိုကရေစီတည်ဆောက်ရေးအတွက် အများကြီး သက်ရောက်မှုရှိနေပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး သွားရောက်တွေ့ဆုံခဲ့တဲ့ ရဲတွေဟာ သူတို့အရင်က တခါမှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသူတွေဖြစ်တယ်လို့ သူတို့နှစ်ဦးက ပြောကြားခဲ့ပါတယ်။ တရားလိုပြသက်သေတစ်ဦးအဖြစ် တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကတော့ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အထက်အရာရှိတွေက အမိန့်ပေးခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် တရားသူကြီးက အဲဒီထွက်ဆိုချက်ကို လက်မခံခဲ့ပါဘူး။ ဒုရဲမှူးမိုးရန်နိုင်ဟာလည်း အဲဒီလို ထွက်ဆိုပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရသလို ရဲစည်းကမ်းချိုးဖောက်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။

“သတင်းထောက်နှစ်ယောက်ဟာ ထောက်ချောက်အဆင်ခံရတယ်ဆိုတာ သေချာရဲ့သားနဲ့ တရားလိုပြ သက်သေအရနဲ့ သူတို့ တင်ပြလာတဲ့ သက်သေတွေထဲမှာလည်း ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဒါပေမယ့် အဲလို ထင်ထင်ရှားရှား တွေ့ရတဲ့အပေါ်မှာ ရဲတွေရဲ့ မသမာမှုကြောင့် အခုလို သားကောင်ဖြစ်သွားရတာကို ပိုပြီး စိတ်ပျက်ရပါတယ်” လို့ ဦးခင်မောင်ဇော်က ဆက်လက်ပြောကြားပါတယ်။

အခုကဲ့သို့ စီရင်ချက် ချမှတ်မှုဟာ မှတ်ကျောက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံသား အများစုအတွက် အင်မတန် စိုးရိမ်စရာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ “ဒီဥပဒေထဲမှာ ပါတဲ့ဟာတွေက မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းတစ်ခုခုနဲ့ ဆင်ပြီးတော့ ထောင်ထဲကို အလွယ်တစ်ကူ ရောက်သွားနိုင်အောင်လုပ်နိုင်တဲ့ မှတ်ကျောက်တစ်ခုပါ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအမြင်တွင်လည်း မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုများအပေါ် အဆိုးမြင်သွားနိုင်စေတယ်လို့ သူက ပြောပါတယ်။

“အဲတော့ မနေ့ကကတော့ သတင်းလွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံမှာ အမည်းရောင်နေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်” လို့ မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကို ရည်ညွှန်းပြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီလူငယ်နှစ်ယောက် သူတို့ မိသားစုဆီကို အမြန်ဆုံးပြန်ရောက်နိုင်ဖို့ ကျွန်တော်တို့က သူတို့ ရှေ့နေတွေအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးစားသွားမှာပါ” လို့ သူက ပြောပါတယ်။

မြောက်ပိုင်းခရိုင်တရားရုံးက ချလိုက်သည့် အမိန့်နှင့် ပတ်သက်ပြီး ရက် ၆၀ အတွင်း တိုင်းဒေသကြီး တရားလွှတ်တော်ထံ အယူခံတင်သွင်းသွားဖို့ ရှေ့နေတွေက ပြင်ဆင်နေပါတယ်။

သမီးငယ်လေးတွေရှိတဲ့ ဖခင်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က တရားဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိဘူးဆိုတာကို သူတို့ မိသားဝင်တွေကလည်း ယုံကြည်ထားကြပါတယ်။ အဲဒါကြောင့်လည်း မကြာမီမှာ ပြန်လည် လွတ်မြောက်လာလိမ့်မယ်လို့ ယုံကြည်ထားပေမယ့် အခုလို ထောင်ကျသွားတဲ့အတွက် ယူကြုံးမရဖြစ်ရတယ်လို့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူတို့နှစ်ယောက်လုံး အမှားမလုပ်ခဲ့ဘူးဆိုတာ ကာယကံရှင် နှစ်ဦးနှစ်ဖက်လုံးနဲ့တစ်ကွ အကုန်လုံးက သိပြီးသားပါ။ ဆိုတော့ သူတို့ ဒီလောက်ထိ ကျသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အစောပိုင်းကတော့ အတော်ကို ကြေကွဲခဲ့ရပါတယ်” လို့ မပန်းအိမွန်က ပြောပါတယ်။

“မောင်ဝလုံးနဲ့တွေ့တော့ သူတို့ကို ထောင်ချောက်ဆင် အဖမ်းခံလိုက်ရတဲ့အပေါ် တော်တော် ယူကြုံးမရ ဖြစ်သွားရတယ်လို့ ကျွန်မကို ပြောပါတယ်။

“မကြာခင်မှာ ကိုဝလုံး ပြန်လွတ်လာမှာပါလို့ မိသားစုတွေအကုန် အားလုံးနဲ့ ကိုယ်ကလည်း စပြီး ကိုယ်ဝန်ရှိကတည်းက အားတင်းထားခဲ့ကြပါတယ်။ နောက်ဆုံးတော့ ကလေးမွေးသွားခဲ့တယ်။ ကိုယ့်မျှော်လင့်ချက်က ဖြစ်မလာခဲ့ဘူး” လို့ မပန်းအိမွန်က ပြောပါတယ်။

ကိုဝလုံးနဲ့ မပန်းအိမွန်တို့ရဲ့ သမီးဦးလေး မသက်ထားအိန်ဂျယ်ကို သြဂုတ် ၁၀ ရက်နေ့က ဖွားမြင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုဝလုံးတစ်ယောက်ကတော့ သမီးလေးနဲ့ အခုချိန်ထိ တွေ့ဆုံခွင့်မရရှိသေးပါဘူး။

အမိန့်ချသည့်နေ့က တရားရုံးသို့ ရောက်ရှိလာကြသူများ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

အမိန့်ချသည့်နေ့က တရားရုံးသို့ ရောက်ရှိလာကြသူများ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ကလေးမွေးပြီး သိပ်မကြာခင်မှာ ပြန်တွေ့ရမှာပါဆိုပြီး ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က အမိန့်ချလိုက်တဲ့ အပေါ်မှာ ကိုယ့်မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့တယ်၊ အဲဒီတော့ အရမ်းကြီး မျှော်လင့်ချက်မဲ့သလို အားအင်တွေ ယုတ်လျော့သွားခဲ့တယ်” လို့ မပန်းအိမွန်က ဆက်ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးလုံးဟာ ဘဝတစ်လျောက် အမဲစက်မရှိပဲ ရိုးရိုးသားသားနဲ့ သူတို့ရဲ့ဘဝအိပ်မက်တွေကို အကောင်အထည်ဖော်နေကြတဲ့ လူငယ်တွေဖြစ်တဲ့အတွက် နိုင်ငံတော်က သူတို့နှစ်ယောက်ကို သက်သက်ညှာညှာနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးလိမ့်မယ်လို့ မိသားစုဝင်တစ်ယောက်အနေနဲ့ ယုံကြည်ထားတယ်လို့ သူက ပြောပါတယ်။

“သူတို့နှစ်ယောက်လုံးကို အမြန်ဆုံး အိမ်ပြန်လာစေချင်ပါပြီ” လို့ မပန်းအိမွန်က ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကား တစ်ခွန်းအတွက်ကြောင့်တော့ စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းမိတယ်လို့ သူကပြောပါတယ်။

“ကိုယ့်ခေါင်းဆောင်ရဲ့ NHK နဲ့ အင်တာဗျူးမှာ သူတို့နှစ်ဦးအပေါ် တုန့်ပြန်လိုက်တဲ့ သတင်းသမားမဟုတ်ဘူးဆိုတဲ့အပြင် လုံခြုံရေးကို ချိုးဖောက်ကြောင်းပြောသွားတော့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းမိပါတယ်” လို့ မပန်းအိမွန်က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို ခြောက်လကျော်ကြာ စစ်ဆေးပြီးခဲ့အချိန်မှာ နောက်ဆုံးအမိန့်ချမှတ်ဖို့ တရားသူကြီးက သြဂုတ် ၂၇ ရက်နေ့ကို သတ်မှတ်ခဲ့ပေမယ့် ပြည်တွင်းပြည်ပ သတင်းသမားတွေ၊ သံတမန်တွေ တရားရုံးကို ရောက်လာကြတဲ့ အဲဒီနေ့မှာတော့ သူနေမကောင်းဘူးဆိုပြီး ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၃ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုကျော်စိုးဦးရဲ့ဇနီးဖြစ်သူ မချစ်စုကလည်းလည်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် ရူးမတတ်ခံစားရတယ်လို့ ပြောပါတယ်။

“ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ပြီးတော့ သူကိုယ်တိုင်က မနေ့က လွတ်မယ်အထင်နဲ့ သူရဲ့ အင်္ကျ ီအကုန်လုံးကို ပြန်ပေးလိုက်ပါတယ်” လို့ မချစ်စုကပြောပါတယ်။ “ဒါပေမယ့် မဖြစ်လာပါဘူး။ သူ မလွတ်လာတော့ ရူးမတတ် ခံစားရပါတယ်။ ကိုယ်ကိုကိုယ် အရူးတစ်ယောက်လို ခံစားရတယ်” လို့ သူက ငိုကျွေးရင်း ပြောပါတယ်။

“သူတို့က အပြစ်မရှိပါဘူး။ သတင်းထောက်တစ်ယောက်အနေဖြင့် သူတို့အလုပ်ကို သူတို့လုပ်တာပါ။ ဒါပေမယ့် တရားသူကြီးက ပြောတယ်၊ နိုင်ငံတော်ကို အကျိုးမဲ့စေတယ်တဲ့၊ အဲဒါကိုတော့ သူနဲ့ကျွန်မ အတော့ကို ခံစားရပါတယ်” လို့ မချစ်စုကပြောပါတယ်။

“သူ့အတွက် ကျွန်မ အများကြီးကို ဂုဏ်ယူပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ အသက်သုံးနှစ်အရွယ် သမီးငယ်ကိုလည်း ဖခင်အတွက် ဂုဏ်ယူတတ်အောင် သင်ကြားပေးသွားမယ်လို့ မချစ်စုကပြောပါတယ်။

“သမီးလေးက သူ့အဖေအကြောင်းကို ဘယ်လိုမေးလဲဆိုတော့ ဖေဖေက သမီးတို့ကို မချစ်လို့လား၊ ဘာလို့ အတူတူ မနေတာလဲ။ အမေ တစ်ယောက်အနေနဲ့ တော်တော့ကို ခံစားရပါတယ်။ မဟုတ်ဘူးဆိုပြီး သူ့ကို ရှင်းပြရတယ်။ ပြီးတော့ သမီးလေးတစ်ယောက်ကြောင့် ငါစိတ်ဓါတ်ကျလို့ မဖြစ်ဘူးဆိုပြီး စိတ်ကို အနိုင်နိုင် ထိန်းထားရပါတယ်” လို့ သူကပြောပါတယ်။

သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးသန်းဇော်အောင်ကလည်း အယူခံဝင်ကိစ္စ အပါအဝင် လွတ်မြောက်လာနိုင်မယ့် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စဉ်းစားနေကြပေမယ့် အချိန်ကာလကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို အစိုးရက ထောင်ချလိုက်တဲ့အတွက် နိုင်ငံတော်ကို သစ္စာဖောက်သူတွေ၊ သူလျှိုတွေဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ပုံဖော်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြည်တွင်းက သတင်းသမားတွေနဲ့ အဖွဲ့အစည်းတွေကတော့ သူတို့နှစ်ဦးလွတ်မြောက်လာစေဖို့အတွက် ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားကြဖို့ ပြင်ဆင်နေပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ပေးရေးကော်မတီ Protection Committee for Myanmar Journalists (PCMJ) က စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပြီး သတင်းသမား ၃၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာကို အဲဒီအစည်းအဝေးမှာ တိုင်ပင်ခဲ့ကြပြီး နောက်ဆုံးဆုံးဖြတ်ချက်တော့ မချမှတ်ရသေးဘူးလို့ ကော်မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် ဘယ်လိုတုန့်ပြန်ကြမယ်ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ကူးကောင်းတွေ အများအပြားရရှိခဲ့ကြတယ်လို့ သူက ပြောပါတယ်။

အဲဒီထဲက စိတ်ကူးတစ်ခုကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို သမ္မတရဲ့ အခွင့်အာဏာနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတဦးဝင်းမြင့်ထံ တောင်းဆိုတဲ့စာကို သတင်းသမားတွေ လက်မှတ်ရေးထိုးကြဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အစိုးရ သတင်းစာရှင်းလင်းပွဲတွေမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောက်ခံတဲ့လက်ပတ်တွေ ဝတ်ဆင် တက်ရောက်ကြဖို့အပြင် နေပြည်တော်မှာ သွားရောက် ဆန္ဒထုတ်ဖော်ဖို့လည်း ပါဝင်ပါတယ်။

“ကျွန်တော်တို့ နှုတ်ဆိတ်နေမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသံတွေထုတ်ဖော်ပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်သွားမှာပါ” လို့ ရန်ကုန်အခြေစိုက်အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်နိုင်စိုးက Frontier ကိုပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar