သုံးနှစ်အတွင်း မြန်မာ့စီးပွားရေး နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းကျော် တိုးတက်နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

လာမည့်သုံးနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ၇ ဒသမ ၁ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်မည်ဟု ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၆ ခုနှစ် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီးပွားရေးတိုးတက်မှုဆိုသည်မှာ တိုင်းပြည်အတွင်းရှိ ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထုတ်လုပ်နိုင်စွမ်း ဖွံ့ဖြိုးတိုးတက်လာမှုကို ဆိုလိုခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ဇန်နဝါရီ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တိုးတက်မည်ဆိုသော်လည်း ဦးသိန်းစိန်အစိုးရနှင့် လက်ရှိအစိုးရတို့ စပ်ကူးမတ်ကူးကာလ ဖြစ်သော ၂၀၁၆-၁၇ ခုနှစ် ကာလတွင်မူ စီးပွားရေးတိုးတက်မှုနှုန်းသည် အားပျော့သွားခဲ့ရပြီး ၆ ဒသမ ၅ ရာနှုန်းသာ ရှိကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိအစိုးရသည် ၎င်းတို့၏ ကနဦးကာလတွင် မလွယ်ကူသော စီးပွားရေးနှင့် လုံခြုံရေးအခြေအနေကို သတိထား ကိုင်တွယ်ဖြေရှင်းခဲ့ရပြီး ငွေဖောင်းပွမှုကို လျှော့ချရာတွင် ကူညီခဲ့သလို၊ စီးပွားရေးဝန်းကျင် အနေအထား ပြောင်းလဲမှုများအား ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ကမ္ဘာ့ဘဏ်က မှတ်ချက်ပြုသည်။

တခြားတဖက်တွင်လည်း အစားအစာထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလောကနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုစသည့် ကြီးမားသော စီးပွားရေးကဏ္ဍများ၏ ထုတ်လုပ်မှုများမှာ အရှိန်ကျဆင်းသွားခဲ့သည်ဟုလည်း ဆိုသည်။

ယမန်နှစ်က ရေကြီးရေလျှံမှု ခံစားခဲ့ရသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရာတွင် ကာလရှည်ကတည်းက တည်ရှိနေသည့် အခက်အခဲများကြောင့် ထင်သလောက်ခရီး မပေါက်ဘဲဖြစ်နေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် အစိုးရက အများပြည်သူအတွက် စိုက်ထုတ်ရင်းနှီးမြှုပ်နှံပေးသည့်ပမာဏမှာ ထင်သလောက် တိုးပွားမလာသေးဘဲ ရှိနေပြီး၊ ထိုသို့ဖြစ်ရသည်မှာ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေးကုန်စည်များ တင်ပို့မှုပမာဏ ကျဆင်းခြင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် ဝင်မလာခြင်းတို့အပြင် နိုင်ငံပိုင်လုပ်ငန်းများ အရှုံးများလာခြင်းတို့နှင့် ဆက်စပ်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အများပြည်သူအတွက် အစိုးရက စိုက်ထုတ်သုံးစွဲပေးရန်လိုအပ်သည့် ငွေပမာဏသည် ၂၀၁၆-၁၇ ခုနှစ်တွင် တမျိုးသားလုံးဝင်ငွေ စုစုပေါင်း(ဂျီဒီပီ)၏ ၄ ဒသမ ၅ ရာနှုန်းကျော် ရှိမည်ဟု ၎င်းတို့က ခန့်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀၁၅-၁၆ တွင် ထိုလိုငွေမှာ ဂျီဒီပီ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သလို၊ ယင်း၏ ရှေ့တစ်နှစ်တွင်ဆိုလျှင် ၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်ညွှန်းကိန်းတွင် ဖော်ပြထားသည်။

ဗဟိုဘဏ်က အစိုးရလိုငွေ လျှော့ချရန်ကြိုးပမ်းနေသဖြင့် လာမည့်နှစ်များတွင်မူ ငွေကြေးဖောင်းပွမှု ပမာဏမှာမူ ပိုမို ကျဆင်းသွားမည်ဖြစ်ပြီး ၈ ဒသမ ၉  ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်မှ အကြီးတန်းစီးပွားရေးပညာရှင် မစ္စတာ ဟာဘိရဘ်က အစိုးရအနေနှင့် စီးပွားရေးမူဝါဒနှင့် စီးပွားရေးဆိုင်ရာ အမြင်များအား အများပြည်သူက မြင်သာခန့်မှန်းနိုင်ရန် မကြာခဏ ပြောဆို ရှင်းပြရန် လိုအပ်နေကြောင်း မှတ်ချက်ပေးသည်။

“ကိုယ့်မှာရှိထားတဲ့ အမြင်တွေကို အများပြည်သူကို သတင်းထုတ်ပြန်ပေးဖို့လိုပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံမယ့် လူတွေက သိလာပြီး ရဲရဲလုပ်ရဲလာမယ်”ဟု ၎င်းကပြောသည်။

သို့သော်လည်း ထုတ်ပြန်သည့်အရာများကို အကောင်အထည်ဖော်ရန်နှင့် ကတိတည်ရန်လိုအပ်ကြောင်း၊ သို့မှသာ ယုံကြည်စွာ ရင်းနှီးမြှုပ်နှံလာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေး နှေးကွေးစေသည့်အကြောင်းအရာများကို ၎င်းကဆက်လက်ရှင်းပြခဲ့သည်။ ဘဏ်များက ငွေချေးရာတွင် ဆောက်လုပ်ရေးဏ္ဍကိုသာ အဓိကထား ချေးပေးနေပြီး ဆောက်လုပ်ရေးဈေးကွက် နှေးကွေးသွားသောအခါ ကျွဲကူးရေပါအဖြစ် တိုင်းပြည်စီးပွားရေးပါ နှေးကွေးသွားရသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

ထို့ပြင် ပုဂ္ဂလိကဘဏ်များအနေနှင့် ငွေထုတ်ချေးရာတွင် အများဆုံးချေးရမည့်ပမာဏနှင့် အနည်းဆုံးချေးရမည့်ပမာဏ၊ ချေးငွေ အတိုးနှုန်းများကို အတိအကျသတ်မှတ်ထားမှုအား ဗဟိုဘဏ်က ပြုပြင် ပြောင်းလဲသင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ချေးတဲ့သူအပေါ်မူတည်ပြီး ဘဏ်တိုးနှုန်းကို ဘဏ်ကသတ်မှတ်တဲ့စနစ် လုပ်သင့်တယ်”ဟု ၎င်းကပြောကြားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar