သီလဝါအများပိုင်ကုမ္ပဏီက ရှယ်ယာရှင်များအား အမြတ် ၂၀ ရာခိုင်နှုန်း ထုတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) သည် ရှယ်ယာရှင်များအား အမြတ် ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးမည်ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် ဒုတိယနှစ်ပတ်လည် ရှယ်ယာရှင် အစည်းအဝေးတွင် ကြေညာခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်က စတင်တည်ထောင်ခဲ့သည့် အဆိုပါကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်၌ ၎င်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြေဧရိယာတွင် ကုမ္ပဏီအချို့က လုပ်ငန်းများ ဆောင်ရွက်နေပြီြဖစ်ပြီး ၎င်းမှရရှိသည့်အမြတ်ငွေများအနက်မှ အချို့ကို ရှယ်ယာရှင်များထံ ထုတ်ပေးခြင်းြဖစ်သည်ဟု ကုမ္ပဏီဥက္ကဌ ဦးဝင်းအောင်က ပြောကြားသည်။ ယခုအကြိမ်သည် ကုမ္ပဏီက ရှယ်ယာရှင်များအား ပထမဆုံးအကြိမ် အကျိုးအမြတ် ထုတ်ပေးခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီ၏ ရှယ်ယာများကို တစ်စုလျှင် ကျပ်တစ်သောင်းဈေးဖြင့် စုစုပေါင်း ကျပ် ၂၄ ဒသမ ၄၅ ဘီလျံဖိုး (ကုမ္ပဏီရှယ်ယာ၏ ၄၁ ရာခိုင်နှုန်း) ထုတ်ရောင်းထားပြီး ရှယ်ယာရှင် ၁၈,၀၀၀ နီးပါးက ခွဲဝေပိုင်ဆိုင်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်းရှိ ဟက်တာ ၂,၄၀၀ ကျယ်ဝန်းသည့် သီလဝါအထူးစီးပွားရေးဇုန်အား မြန်မာပိုင် MTSH ကုမ္ပဏီနှင့် ဂျပန်ပိုင် မြန်မာ-ဂျပန်သီလဝါ ဖွံ့ဖြိုးမှုလီမိတက် (MJTD)တို့နှစ်ခုက အကောင်အထည် ဖော်သည့် ကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့်ရထားပြီး လက်ရှိတွင် မြေဧရိယာ ၃၉၆ ဟက်တာပေါ်၌ လုပ်ငန်းများ အကောင်အထည်ဖော်ေနပြီဖြစ်သည်ဟု နှစ်ပတ်လည်အစီရင်ခံစာတွင်ဖော်ြပထားသည်။

လတ်တလောတွင် ကုမ္ပဏီပေါင်း ၁၅ ခုက အဆိုပါမြေဧရိယာထဲတွင် လုပ်ငန်းများစတင်နေပြီြဖစ်ပြီး ၎င်းကုမ္ပဏီများထဲမှ နှစ်ခုက လုပ်ငန်းများလည်ပတ်နေပြီဟု ဆိုသည်။

အခြားတစ်ဖက်တွင်မူ ယခုအမြတ် ၂၀ ရာခိုင်နှုန်းသည် မည်သည့်လုပ်ငန်းများမှ ရရှိသည့်ကို ရှယ်ယာရှင်အမျိုးသမီးတစ်ဦးက နှစ်လည်အစည်းအဝေးတွင် ကုမ္ပဏီဒါရိုက်တာအဖွဲ့အား စာဖြင့် မေးခွန်းထုတ်ခဲ့သော်လည်း အမြတ်ထွက်သည့် လုပ်ငန်းများအကြောင်းကို ဥက္ကဌ ဦးဝင်းအောင်က တိကျစွာ ဖြေကြားသွားခဲ့ခြင်း မရှိခဲ့ပေ။

ထို့ပြင် လတ်တလောထုတ်ရောင်းထားသည့် ရှယ်ယာများမှာ လုပ်ငန်းပထမအဆင့်အတွက်သာဖြစ်ရာ နောင် လုပ်ငန်းဒုတိယအဆင့်၊ တတိယအဆင့်များဆောင်ရွက်လျှင်လည်း ရှယ်ယာများ ထပ်မံထုတ်ရောင်းပါက လက်ရှိ ပိုင်ဆိုင်ထားသည့် ရှယ်ယာ၏ ဝေစုပမာဏနည်းပါးသွားမည်ကို စိုးရိမ်ကြောင်းလည်း ရှယ်ယာရှင်အချို့က အစည်း အဝေးတွင် စာဖြင့်ထုတ်ဖော် တင်ပြခဲ့ကြသည်။

ဦးဝင်းအောင်ကမူ “နောင် အပိုင်း(ခ)အတွက် ရှယ်ယာတွေထပ်ထုတ်ရောင်းဖို့ လောလောဆယ်အစီအစဉ် မရှိပါဘူး။ ငွေလုံလောက်မှုရှိနေရင် နောင်မှာထုတ်ရောင်းဖို့မရှိပါဘူး”ဟု ရှယ်ယာရှင်များကို အစည်းအဝေး၌ ကတိပေးခဲ့သည်။

MTSH သည် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီလည်း ဖြစ်သွားပြီဖြစ်ရာ ထိုကဲ့သို့ စာရင်းဝင်ခွင့်ရပြီးနောက် ကုမ္ပဏီ၏ ကျပ်တစ်သောင်းတန်ရှယ်ယာများသည် ကျပ် ငါးသောင်းအထိ ဈေးတက်သွားခဲ့သည်။

ရှယ်ယာတန်ဖိုးတစ်စုလျှင် ကျပ်ငါးသောင်း ဈေးပေါက်နေပြီဖြစ်သဖြင့် အကယ်၍ နောက်ထပ်လုပ်ငန်းများအတွက် ကုမ္ပဏီက ရှယ်ယာထပ်မံဖန်တီးကာ ထုတ်ရောင်းပါက ဈေးကွက်သဘောအရ တစ်စုလျှင် ကျပ်ငါးသောင်းမှ စတင်ေပါက်ဈေး ဖွင့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ရှယ်ယာအသစ် ထုတ်ရောင်းလျှင် ရှယ်ယာဝေစုပမာဏအတူတူအတွက် ကုမ္ပဏီက ငွေငါးဆပိုရမည်ဖြစ်သဖြင့် ဒါရိုက်တာအဖွဲ့အတွက် ရှယ်ယာသစ်များဖန်တီးကာ ထပ်မံ ထုတ်ရောင်းရန် မက်လုံးဖြစ်နေပြီး၊ ရှယ်ယာရှင်များအတွက်မှာမူ ထိုသို့ထုတ်ရောင်းလျှင် မူလကရှယ်ယာတစ်စု၏ ဝေစုအချိုးအစားမှာ လျော့သွားမည်ဖြစ်သဖြင့် ထိုကိစ္စကို အနည်းစုသာပိုင်သည့်ရှယ်ယာရှင်များက စိုးရိမ်ကြခြင်း ဖြစ်သည်။

ကျန်ရှယ်ယာရှင်များအနေဖြင့် ရှယ်ယာ အစုငါးရာအထက် ဝယ်ယူရန် မလွယ်ကူသည့်အချိန်တွင် ကုမ္ပဏီဥက္ကဌ ဦးဝင်းအောင်က ရှယ်ယာအစု ငါးသောင်းကျော်၊ ၎င်း၏သားဖြစ်သူ ဦးသူရိန်အောင်က ရှယ်ယာအစု ခြောက်သောင်းကျော်နှင့် ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးထွန်းလွင်က ရှယ်ယာ ငါးသောင်းငါးထောင်ခန့် ပိုင်ဆိုင်နေမှုကို ရှယ်ယာရှင်အမျိုးသားတစ်ဦးက အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

ဦးဝင်းအောင်ကမူ ရှယ်ယာများကို စတင်ရောင်းစဉ်က ၎င်းတို့သည်လည်း အများတန်းတူ အစုငါးရာကျော်သာ ဝယ်ခွင့်ရခဲ့ပြီး နောက်ပိုင်းရှယ်ယာ ပြန်ရောင်းသည့်သူများရှိခဲ့ရာ ၎င်းတို့ထံမှ ပြန်လည်ဝယ်ယူခဲ့ကြခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။

သတင်း – ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.