သီလဝါအနီးမှ မြေသိမ်းခံ လယ်သမား ၃၃ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားရုံးက ပြစ်ဒဏ်များ ချမှတ်

ဟိန်းကိုစိုး

တပ်မတော်က သိမ်းဆည်းထားသည့် လယ်မြေဧက ၆၀၀ ကျော်ပေါ်တွင် လယ်ယာဆက်လက် လုပ်ကိုင်နေသည့် လယ်သမား ၃၃ ဦးအား ပိုင်နက်ကျူးကျော်မှုဖြင့် မြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက်၊ သို့မဟုတ် ဒဏ်ငွေ ၅၀၀ ကျပ်စီ ပေးဆောင်စေရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။

အဆိုပါလယ်သမားများသည် ကျောက်တန်းမြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်နေသည့် လယ်ဧက ၆၆၀ ကျော်တွင် လက်ငုတ်လက်ရင်း လယ်ယာလုပ်ကိုင် စားသောက်ခဲ့ကြသူများဖြစ်သည်။ လယ်မြေများမှာ လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သော်လည်း ၎င်းတို့အများစုကပင် လယ်ယာလုပ်ငန်း ဆက်လက် လုပ်ကိုင်နေခဲ့ကြသည်။

မြို့နယ်တရားရုံး၏ အဆိုပါ ဆုံးဖြတ်ချက်ကို တရားစွဲဆိုခံရသူ လယ်သမား ၃၃ ဦးက တရားမျှတမှုမရှိဟု ယူဆကာ တစ်ဆင့်မြှင့် တရားရုံးသို့ ထပ်မံအယူခံတင်ကာ အမှုကို ဆက်လက်ရင်ဆိုင်မည်ဖြစ်သည်။

“တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်လိုက်တယ်ဆိုပေမယ့် ခရိုင်မှာ ထပ်အယူခံဝင်မှာပါ။ အမှု ရင်ဆိုင်နေချိန်မှာတော့ လယ်သမားတွေ သူတို့စိုက်ပျိုးရေး ဆက်လုပ်ခွင့်ရှိပါတယ်။ ဒီအမှုကို နောက်ဆုံးတက်ခွင့်ရှိတဲ့ တရားရုံးအထိ တက်မှာပါ” ဟု တရားစွဲဆိုခံရသူ လယ်သမားများ၏ အကျိုးဆောင်ရှေ့နေ နော်ဇင်လှိုင်လင်းက ပြောကြားသည်။

၎င်းလယ်ဧက ၆၆၀ ဧကကို ၁၉၉၆ ခုနှစ်တွင် လယ်သမားများအား တစ်ဧကလျှင် နှစ်သောင်းကျပ် ပေးလျော်ကာ စစ်အစိုးရက သိမ်းယူခဲ့ခြင်းဖြစ်သည်။ သိမ်းယူပြီး လေးနှစ်ကြာသည့် ၂၀၀၁ ခုနှစ်အထိ မြေကို အသုံးချမှုမရှိခဲ့သဖြင့် လယ်သမားများက နဂိုမူလအတိုင်း ထိုမြေများပေါ်တွင် ဆက်လက် စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ကြသည်။

ထို့နောက် သိမ်းယူထားသည့် မြေဧက ၆၆၀ မှ ၁၀၈ ဒသမ ၂၅ ဧကပေါ်တွင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက သင်္ဘောဖျက်စက်ရုံကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက် အသုံးပြုခဲ့သည်။ ကျန်မြေများပေါ်တွင်မူ အဆောက်အဦး ဆောက်လုပ်သုံးစွဲမှု မရှိသော်လည်း ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုကာ စပါးစိုက်ပျိုးသူ လယ်သမားများထံမှ တစ်ဧကလျှင် စပါးလေးတင်း သတ်မှတ်ပြီး သီးစားကြေးကောက်ခံခဲ့သည်။

img_9160.jpg

 title=

title=

ထို့နောက် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက လယ်သမား ၃၃ ဦးအား ပိုင်နက်ကျူးလွန်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် ကျောက်တန်းမြို့နယ်တရားရုံး၌ စတင် အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုရင်ဆိုင်နေချိန် လေးနှစ်ခန့် ကြာမြင့်ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လယ်သမား ၃၃ ဦးအနက် ၁၁ ဦး ပိုင်ဆိုင်သည် လယ်ဧက ၅၀ ကျော်အား တစ်ဧက ကျပ်သိန်း ၂၅၀ နှုန်းဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ပေးလျှော်ခဲ့သည်။ ထိုသို့ ပေးလျှော်ပေးသော်လည်း အမှုရင်ဆိုင်မှုကိုမူ ရပ်ဆိုင်းပေးခြင်း မရှိခဲ့ပေ။

“ကျွန်တော်တို့ မိဘတွေက လက်လွှဲပေးခဲ့တာ။ ၁၉၉၆ တုန်းက သိမ်းပေမယ့် ဘာမှမလုပ်တော့ ကျွန်တော်တို့ ပြန်စိုက်တယ်။ အခု လယ်တွေ မရှိတော့ဘူး။ မလုပ်ရတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ ဘဝပျက်ဖို့ပဲရှိတယ်။ နောက်ဆုံးမရရင်တော့ ရောင်းရမယ့်ကိန်း ဆိုက်နေပြီ” ဟု လယ် ၁၀ ဧက သိမ်းဆည်းခံခဲ့ရပြီး တရားစွဲခံထားရသည့် လယ်သမား ဦးကျော်သူက ပြောသည်။

လက်ရှိ ချမှတ်လိုက်သည့် အမိန့်ကြောင့် လျော်ကြေားမရရှိသေးသည့် လယ်သမားများအား လျော်ကြေး ပေးချေခြင်းမရှိပဲ လယ်များကို လုံးဝသိမ်းဆည်းသွားမည်ကိုလည်း လယ်သမားအများစုက စိုးရိမ်နေကြသည်။

“အမိန့်က ကျွန်တေ်ာတို့ကို ကျူးကျော်သူလို့ သတ်မှတ်လိုက်တယ်။ ဒါက လျော်ကြေးပေးဖို့ ညှိနှိုင်းတဲ့နေရာမှာ တစ်စုံတစ်ခု ဖြစ်မှာတော့ စိုးရိမ်တယ်။ ကျွန်တေ်ာတို့အတွက် ရသင့်တာကိုရအောင်တော့ ကူညီပေးနေသူတွေနဲ့အတူ ရအောင် လုပ်မှာပါ” ဟု လယ်ငါးဧကသိမ်းဆည်းခံခဲ့ရပြီး အမှုရင်ဆိုင်နေရသူ ဦးကျော်ကိုက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.