နေပြည်တော်၊ မေ ၁၉
ဗုဒ္ဓဘာသာနှင့် သံဃာတော်များ ဖိနှိပ်မှုခေါင်းစဉ်ဖြင့် သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဦးတည်၍ နေပြည်တော်သို့ လာရောက်ဆန္ဒပြမည့် အစီအစဉ်အတွက် လူအင်အားနှင့် စာသားအချို့ပြင်ဆင်ရန် အာဏာပိုင်တို့က ညွှန်ကြားခဲ့သည်ဟု ပွဲစီစဉ်ရာတွင် ပါဝင်သည့် ဦးတင့်လွင်က Frontier ကို ပြောသည်။
“ဥပဒေဘောင်ထဲကနေ ဖြစ်အောင် လုပ်ပြမယ်။ ၃၀၀ ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး” ဟု ၎င်းကဆိုသည်။
မည်သို့သော ကြွေးကြော်သံစာသားများအား ပြောင်းလဲပေးခဲ့ရသည်ကိုမူ အသေးစိတ်မပြောလိုဟု ဦးတင့်လွင်က ဆိုလိုက်ပြီး ဝန်ကြီးနှင့် ပတ်သက်သည့် စာသားအချို့ ပါဝင်သည်ဟုသာ ၎င်းက အတည်ပြုသည်။
မူလစီစဉ်ထားရာတွင်ပါဝင်သော ကြွေးကြော်သံများမှာ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ရေး၊ ဗုဒ္ဓသာသနာတော် ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး၊ သာသနာရေးဝန်ကြီးရာထူးမှ နုတ်ထွက်ရေး၊ သာသနာတော်ကို ထိပါးသူ(သာသနာ့ရန်သူ၊ တို့ရန်သူ)၊ ဝိနိစ္ဆယရေးရာစွက်ဖက်မည့် ဝန်ကြီး(အလိုမရှိ)၊ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ (တည်တံံ့ရမည်) တို့ဖြစ်ကြသည်။
ဆန္ဒပြပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်း၌ မေ ၂၀ ရက်နေ့တွင် လူအင်အား ၃၀,၀၀၀ ခန့်ဖြင့် ပြုလုပ်ရန် ၎င်းတို့က ကနဦး တောင်းဆိုထားခြင်းဖြစ်သည်။
ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးရုံးကမူ မေ ၂၄ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံနှင့် အချိန်ကာလ နီးကပ်နေသည့်အတွက် တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးသည်ဟု မေ ၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး လူအင်အား ၃၀၀ သာ ခွင့်ပြုမည်ဟုလည်း ဖော်ပြထားသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရာတွင် အသုံးပြုမည့် ပိုစတာ၊ ဆိုင်းဘုတ်နှင့် ကြွေးကြော်သံစာသားတို့အား အာဏာပိုင်များနှင့် ဆန္ဒပြရန် လျောက်ထားသူများအကြား သဘောတူညီကြသော်လည်း လူအင်အားနှင့် စပ်လျဉ်း၍ နှစ်ဖက်သဘောတူညီမှု မရရှိခဲ့ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စုဝေးမည့်အင်အားကို ၃၀၀ ဦးခန့်ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းခဲ့သော်လည်း ဦးကျော်မျိုးသက်နှင့် အဖွဲ့က ၁၅,၀၀၀ ခန့် စုဝေးခန့်ပြုရန် တောင်းဆိုပြီး နှစ်ဖက်သဘောတူညီမှု မရရှိသေးခြင်းဖြစ်သည်။
ထို့အတူ ဒေသဆိုင်ရာလိုအပ်ချက်များကို အခြေခံ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု အုပ်ချုပ်ရေးမှူးရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါဆန္ဒပြပွဲကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်းမှ ကိုကျော်မျိုးသက်ဆိုသူက မေ ၁၆ ရက်နေ့တွင် ခွင့်ပြုမိန့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများ၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ သံဃာ၊ အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များ ပါဝင်မည်ဟု ဆိုသည်။
မန္တလေးမြို့မှ နေပြည်တော်သို့ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အားစုကိုဦးဆောင်လာသည့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (မန္တလေး) အတွင်းရေးမှုး ဦးစန္ဒာသီရိက “အင်အားတော့ အခုမပြောနိုင်ဘူး။ ရမည်းသင်းမှာ အိပ်ပြီး ဆန္ဒပြမယ့် မနက်မှ နေပြည်တော်ဝင်မယ်။ အာဏာပိုင်တွေကတော့ ပွဲကို မလိုက်ဖို့ လိုက်ဖိအားပေးနေတာပဲ” ဟု Frontier ကိုပြောသည်။
ဆန္ဒပြပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ဥုးဇန္ဒိတ၊ ဦးအေးမင်းထွန်းနှင့် ဦးအေးပိုင်တို့က ဟောပြောရန် စီစဉ်ထားကြသည်။
ဆန္ဒပြပွဲနှင့် ဟောပြောပွဲကို မေ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင်စတင်ကာ ပွဲကျင်းပချိန် နှစ်နာရီထက်မပိုပဲ ပြုလုပ်ရန် အာဏာပိုင်တို့နှင့် နှစ်ဖက်သဘောတူထားကြသည်။
သတင်း-ဉာဏ်လှိုင်လင်း