သရုပ်ဆောင်ဦးလွင်မိုးနှင့် မြေယာအငြင်းပွားမှုမှာ ပူးပေါင်းလုပ်ကြံခံရမှုဟု KNU ဗိုလ်မှူးပြောကြား

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးနှင့် မြေယာအငြင်းပွားမှုသည် ပူးပေါင်းလုပ်ကြံခံရမှုဖြစ်သည်ဟု ကေအင်န်ယူလက်နက်ကိုင်အဖွဲ့မှ ဗိုလ်မှူးစောနေဗလုက ဇန်နဝါရီ ၅ ရက်နေ့က ပြောကြားသည်။

ဦးလွင်မိုးက ဝယ်ယူထားသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာမှ မြေတစ်ကွက်ကို ဗိုလ်မှူးစောနေဗလုကလည်း ပိုင်ဆိုင်သည်ဟုဆိုကာ အငြင်းပွားနေကြခြင်းဖြစ်သည်။

အဆိုပါ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဦးလွင်မိုးက ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းအနေဖြင့် အဆိုပါမြေကွက်ကို ဦးကျော်သူရလှိုင်ထံမှ ၂၀၁၆ ခုနှစ်၊ မေလတွင် ကျပ်သိန်း ၄,၉၅၀ ဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးလွင်မိုးက ပြောကြားခဲ့သည်။ ကျိုက်ထီးရိုးစေတီတော် တောင်တက်ကားလမ်းအနီးတွင် တည်ရှိသည့် အဆိုပါမြေကွက်ပေါ်တွင် ဟိုတယ်ဆောက်လုပ်ရန်အတွက် ၎င်းက စီစဉ်ထားသည်ဟုလည်း သိရသည်။

သို့သော် ဗိုလ်မှူးစောနေဗလုကလည်း အဆိုပါမြေကို မြေပိုင်ရှင်ဖြစ်သည့် ဦးသန်းအောင်ထံမှ ၂၀၀၁ ခုနှစ်ကတည်းက ဝယ်ယူထားခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် တုန့်ပြန်ခဲ့သည်။

၎င်းမိဘလက်ထက်ကတည်းက အစဉ်အဆက် မိတ်ဆွေတစ်ဦးဖြစ်သော ဦးသန်းအောင်ထံမှ ၎င်းလယ်မြေကို ဝယ်ယူချင်၍ မဟုတ်ပဲ ချေးငွေပြန်မဆပ်နိုင်သောကြောင့် ရယူခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောနေဗလုက ပြောကြားသည်။

ဦးသန်းအောင်၏ ချေးငွေများသည် တစ်ဖြည်းဖြည်း များပြားလာကာ ကျပ် ၂၀၀ ကျော်ခန့်ရှိလာချိန်တွင် ပြန်မဆပ်နိုင်သောကြောင့် ယုံကြည်မှုတည်ဆောက်ခြင်းအနေဖြင့် မြေကွက်အား အပ်နှံလာသဖြင့် ၎င်းက ရယူထားရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောနေဗလုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုအချိန်က ကေအင်န်ယူအနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားခြင်း မရှိသေးသည့်အတွက် ဗိုလ်မှူးစောနေဗလု၏ မြေကွက်ပိုင်ဆိုင်မှုမှာ တရားဝင်ခြင်းမရှိဟု ဦးလွင်မိုး၏ ပြောကြားချက်ကိုလည်း ဗိုလ်မှူးစောနေဗလုက ငြင်းဆိုခဲ့သည်။

“ယခုအခင်းဖြစ်နေသောနေရာသည် ကေအင်န်အက်လ်အေ၊ ကေအင်န်ယူ တပ်မဟာ (၁) ၏ နယ်မြေဖြစ်၍ ကေအင်န်အက်လ်အေအဖွဲ့ဝင်တစ်ယောက် ရောက်ရှိလာခြင်းသည် ဆန်းကျယ်သည့်ကိစ္စ မဟုတ်” ဟု ၎င်းက ပြောကြားသည်။

သို့သော် ၎င်းအနေဖြင့် ထိုစဉ်က ငြိမ်းချမ်းရေးရယူထားသူ တစ်ယောက်မဟုတ်သည့်အတွက် ဦးသန်းအောင်အား စောင့်ရှောက်ပေးထားပါရန် စာရွက်စာတမ်းနှင့်တကွ အပ်နှံထားခဲ့သည်ဟု ဗိုလ်မှူးစောနေဗလုက ပြောကြားသည်။

“တကယ်တမ်းကျတော့ ကိုလွင်မိုး အလိမ်ခံလိုက်ရပြီလားဆိုတာကို ကျွန်တော်မသိပါဘူး” ဟု ၎င်းက ပြောကြားသည်။

လက်ရှိအငြင်းဖြစ်ပွားနေသောမြေအား ဦးသန်းအောင်က ၁၉၉၆ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားကြောင်း အထောက်အထားများကိုလည်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည်။

သို့သော် ဦးသန်းအောင်မှာ ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်သောကြောင့် ထိုမြေအား အလုပ်သမားများဖြင့် အပ်နှံထားခဲ့သည်ဟုဆိုသည်။

“ဦးကျော်သူရလှိုင် စပြီးခြံခတ်ကတည်းက မြေစာရင်းရုံးကို တိုင်ထားတယ်။ ဒါပေမယ့် မြေစာရင်းရုံးက အရေးမယူဘူး” ဟု ဦးသန်းအောင်က ပြောကြားသည်။

“ဦးထင်တာကတော့ ဒါက ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) နဲ့ သရုပ်ဆောင်လွင်မိုးတို့က ပူပေါင်း ဆောင်ရွက်မှုပါပဲ” ဟု ဦးသန်းအောင်က ပြောကြားသည်။

ဦးလွင်မိုးအား မြေကွက်ကို ရောင်းချခဲ့သူ ကင်ပွန်းချောင်းကျေးရွာမှ ဦးကျော်သူရလှိုင်သည် ကျိုက်ထီရိုး ဂေါပကအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသလို ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ကာ မြေယာစီမံကိန်း ကော်မတီဝင်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးစောနေဗလုက ဘီဂျီအက်ဖ်နှင့် ဦးကျော်သူရလှိုင်တို့အား ဥပဒေအရ တရားစွဲဆိုသွားရန် အစီအစဉ်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ဦးလွင်မိုးကလည်း မြေကွက်အငြင်းပွားမှုတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသဖြင့် ၎င်း၏ မိသားစု လုံခြုံရေးအတွက် စိုးရိမ်မိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ထို့ပြင် မိသားစု ကိုယ်ရေးကိုယ်တာများကို ထိခိုက်မှုများရှိလာပါက ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.