သမ္မတဟောင်း လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ

နေပြည်တော်၊ ဇန်နဝါရီ ၁၃

နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး သမ္မတ၏ ကိုယ်ရံတော်အား ပြည်ထဲရေးဝန်ကြီးဌာနသာမက ကာကွယ်ရေးဝန်ကြီးဌာနမှပါ ရွေးချယ်ရေးနှင့် လက်နက်ကိုင်ခွင့်ရှိရေး အပါအဝင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သဘောကွဲလွဲကြသည်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပေးပို့သော ယင်းဥပဒေကြမ်းကို ယနေ့ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး နှစ်ဦး အပါအဝင် ကိုယ်စားလှယ် လေးဦးတို့က ဆွေးနွေးသည့်အခါ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးအတွက် မူလ ဥပဒေကြမ်းပါအတိုင်း ထားရှိရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က ထောက်ပြခဲ့ကြသည်။

“အရင် သမ္မတကြီးတွေ အငြိမ်းစားယူပြီးတဲ့အခါ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ကြတာပါ၊ သမ္မတကြီး မန်းဝင်းမောင်နဲ့စဝ်ရွှေသိုက်တို့ နှစ်ဦးပဲ အရေးယူခံခဲ့ရတာပါ။ နောက်တက်လာတဲ့ တပ်မတော်အစိုးရက လုံခြုံရေးအတွက် ခေတ္တထိန်းထားပြီး စိတ်ချရမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို အငြိမ်းစား သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေပေါ်ထွက်လာတာ အချိန်ကိုက်ဖြစ်ပါတယ်။

“ဒီဥပဒေမှာ key player(အဓိကပုဂ္ဂိုလ်) ဖြစ်တဲ့ ကိုယ်ရံတော်ရဲ့ အဓိက အားနည်းချက်ကိုလည်း တွေ့ ရပါတယ်။ သူ့မှာ လက်နက်မပါဘူး ဖြစ်နေတယ်။ ဥရောပနိုင်ငံတွေက အငြိမ်းစားသမ္မတတွေရဲ့ကိုယ်ရံတော်မှာ လက်နက်ရှိရမယ်လို့ သတ်မှတ်ထားသလို ဒီဥပဒေမှာလည်း လက်နက်ကိုင်ခွင့် ပါသင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး (၃) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်သီးပုဂ္ဂလအမတ် ဦးဖုန်းမြင့်အောင်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အငြိမ်းစား သမ္မတ၏ ကိုယ်ရံတော်ကို လက်နက်ကိုင် အဖွဲ့အစည်းထဲမှ ခန့်အပ်သင့်သည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

“ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်ထဲမှာ ပြည်ထဲရေးက ဝန်ထမ်းကို ခန့်ဖို့ ပါပါတယ်။ ပြည်ထဲရေးကဆိုရင် ရဲဖြစ်လို့တစ်ဘက်ကို အပြစ်ပေးလို့ မရပါဘူး၊ သူက တရားစွဲလို့ပဲ ရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်မှသာ ခုခံကာကွယ်နိုင်မှာဖြစ်လို့ မူလ ဥပဒေပါ သက်ဆိုင်ရာဝန်ကြီးဌာန ဆိုတဲ့အတိုင်း ထားသင့်ပါတယ်။ ပြည်ထဲရေးရော ကာကွယ်ရေးရော ဝန်ကြီးဌာန နှစ်ခုစလုံးကို ရည်ညွှန်းပြဋ္ဌာန်းသင့်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး(၁)မှ NDF ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်ကလည်း ဦးဖုန်းမြင့်အောင်ကဲ့သို့ပင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို သဘောမတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန အစား မူလဥပဒေကြမ်းပါ “သက်ဆိုင်ရာ ဝန်ကြီးဌာန ” ဟူသည့် စကားရပ်အတိုင်း ထားရှိရန် ဆွေးနွေးခဲ့သည်။

ထို့အပြင် ၎င်းက “ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်မှာ “နိုင်ငံတော်သမ္မတက တာဝန်အရ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း” ဆိုတဲ့ မူလ ဥပဒေကြမ်းပါ စာသားကို ဥပဒေနဲ့အညီ လို့ ထပ်ဖြည့်ထားပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၅ မှာလည်း အလားတူ အဓိပ္ပာယ်မျိုးပါထားပြီးဖြစ်လို့ဒီ ဥပဒေနဲ့အညီဆိုတဲ့ စာသားကို ထပ်ဖြည့်ဖို့ မလိုတော့တဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ဖြည့်စွက်ချက်ကို ဖြုတ်ပြီး အရင်အတိုင်း ထားသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းနှင့် ဒုတိယ ဗိုလ်မှူးကြီးရဲနိုင်ဦးတို့ကလည်း ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို ကန့်ကွက်၍ မူလပြဋ္ဌာန်းချက်အတိုင်း ထားရန် ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းက “ပြည်သူ့လွှတ်တော်က ကိုယ်ရံတော်အဖွဲ့နေရာမှာ လုံခြုံရေးအဖွဲ့ လို့ပြင်ထားပါတယ်။ လုံခြုံရေးအဖွဲ့နဲ့ကိုယ်ရံတော်အဖွဲ့က အဓိပ္ပာယ် ကွဲလွဲမှုရှိနိုင်တဲ့အတွက် မူလအတိုင်း ထားသင့်ပါတယ်” ဟု ထောက်ပြခဲ့သည်။

အဆိုပါ နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ တွေ့ရှိချက် သဘောထားကို ယနေ့ညနေပိုင်းတွင် အမျိုးသားလွှတ်တော်သို့ ပြန်လည်တင်ပြရန် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မှာကြားခဲ့သည်။

ထို ဥပဒေကြမ်းမှာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုကြောင့် ရှေ့သီတင်းပတ်ထဲတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ခံယူနိုင်လိမ့်မည်ဟု ကိုယ်စားလှယ်တို့က ခန့်မှန်း ထားကြသည်။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar