သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲကို မတ် ၂၈ ရက်နေ့ ကျင်းပမည်

လစ်လပ်နေသည့် သမ္မတနေရာအတွက် သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲကို မတ် ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်က ကြေညာသည်။

မတ် ၂၁ ရက်နေ့တွင် ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်သွားသည့်အတွက် သမ္မတနေရာ လစ်လပ်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဦးထင်ကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်သည့်အတွက် အဆိုပါအစုအဖွဲ့ကပင် ဒုတိယသမ္မတသစ်တစ်ဦးကို ထပ်မံ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ဒုတိယသမ္မတအဖြစ် ၎င်းတို့က မတ် ၂၃ ရက်နေ့တွင် ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ပေးခဲ့သည့် ဒုတိယသမ္မတ ဦးဝင်းမြင့်ကို စိစစ် အတည်ပြုပြီးဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်က ပြောကြားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦးအနက်မှ မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။

ဒုတိယသမ္မတများဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးမြင့်ဆွေနှင့် ဟန်နရီဗန်ထီးယူတို့အနက် မဲအများဆုံးရရှိသူက သမ္မတဖြစ်လာမည်ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိသူက ဒုတိယသမ္မတ-၁ နှင့် ကျန်တစ်ဦးက ဒုတိယသမ္မတ-၂ ဖြစ်လာမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar