သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက ငပလီအတွက် အစိုးရိမ်ရဆုံး ကိစ္စဖြစ်နေ

ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်သည် အစိုးရိမ်ရဆုံးကိစ္စဖြစ်ပြီး မူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဒေသခံများ ပါဝင်နိုင်မှု နည်းပါခြင်းက ဒုတိယမြောက် အစိုးရိမ်ရဆုံးဖြစ်သည်ဟု ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ဒုတိယအကြိမ် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက သတ်မှတ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း (HSF)၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Myanmar Responsible Tourism Institute (MRTI) တို့ ပူးပေါင်းကာ မေ ၈ ရက်မှ ၉ ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ ၃၉ ရာခိုင်နှုန်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်မှာ အစိုးရိမ်ရဆုံးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲတွင်လည်း တက်ရောက်သူများ၏ ၂၉ ရာခိုင်နှုန်းက ထိုကိစ္စကို စိုးရိမ်ဖွယ်အကောင်းဆုံး ကိစ္စရပ်အဖြစ် သတ်မှတ်ခဲ့ကြသေးသည်။

ထို့ပြင် မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဒေသခံများ ပါဝင်နိုင်မှုနည်းပါခြင်းက ဒုတိယမြောက် အစိုးရိမ်ရဆုံးကိစ္စဖြစ်သည်ဟု ယခုနှစ် ဆွေးနွေးပွဲ တက်ရောက်သူများ၏ ၁၆ ရာခိုင်နှုန်းက ဖော်ပြကြသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စိုးရိမ်မှုများအနက် အမှိုက်ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စမှာ အစိုးရိမ်ရဆုံးအဖြစ် ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ၅၅ ရာခိုင်နှုန်းက သတ်မှတ်ခဲ့ကြကာ ကမ်းခြေမှ သဲများထုတ်ယူခြင်းကိုလည်း တက်ရောက်သူများ၏ ၁၈ ရာခိုင်နှုန်းက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ငပလီ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစောလွင်က ကော်မတီအနေဖြင့် အမှိုက်ပုံနေရာအတွက် မြေ သုံးဧက ဝယ်ယူထားပြီဖြစ်ကြောင်းနှင့် အခက်အခဲများရှိကြောင်း ဆွေးနွေးပွဲတွင် တင်ပြပြောဆိုခဲ့သည်။ ထို့ပြင် ကမ်းခြေမှ သဲထုတ်ယူမှု တိုက်ဖျက်ရေးနှင့် ဒီရေတောထိန်းသိမ်းရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

“ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါတယ်။ ထို့အတူ ဆိုးကျိုး သက်ရောက်မှုကို လျော့ချနိုင်ပြီး ကောင်းကျိုးများ ပိုမိုဖြစ်ထွန်းလာစေရေးနဲ့ ငပလီကမ်းခြေဒေသကို လည်ပတ်၊ နေထိုင်ရန် ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာရေး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်နှင့် ဈေးဆိုင်ပိုင်ရှင်များ၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၊ ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် ဒေသရှိ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သူများနှင့် ကျွမ်းကျင်သူများစုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar