သဗ္ဗညုစေတီတော်အား တရုတ်အစိုးရက ယွမ်သန်း ၂၀၀ အသုံးပြုကာ ပြုပြင်ထိန်းသိမ်းပေးမည်

ပုဂံဒေသတွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် သဗ္ဗညုစေတီတော်အား တရုတ်အစိုးရက ယွမ်သန်း ၂၀၀ (ကျပ် ၄၇ ဘီလျံ) အသုံးပြုကာ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးပေါင်း ၄၀၀ ခန့် ပျက်စီးခဲ့ရသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ထိုစေတီပုထိုးများထဲတွင် ပုဂံဒေသ၌ ဉmဏ်တော်အမြင့်ဆုံးဖြစ်သည့် သဗ္ဗညုစေတီတော်လည်း ပါဝင်ခဲ့သည်။

သဗ္ဗညုစေတီတော်အား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်းကူညီသည့်အတွက် တရုတ်အစိုးရအား ကျေးဇူးတင်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်နေ့က ပုဂံ၌ ပြုလုပ်သည့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

၂၀၁၆ ခုနှစ်က ပုဂံဒေသ၌ ငလျင်ဖြစ်ပွားချိန်တွင် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းကို တရုတ်အစိုးရက ဦးစွာပေးအပ်လှူဒါန်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာလျန်ဟုန်က ထိုအခမ်းအနား၌ ပြောကြားကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။

ထို့ပြင် ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရှေ့မှောက်တွင် ၂၀၁၇ ခုနှစ်၊ မေလက ဘေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံမှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပူးပေါင်းကာ တရုတ်ယွမ်ငွေ သန်း ၂၀၀ (ကျပ် ၄၇ ဘီလျံခန့်) အသုံးပြုပြီး သဗ္ဗညုဘုရားအား ပြုပြင်ထိန်းသိမ်းပေးမည်ဖြစ်ကာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုအတွက် အရေးပါသည့် အောင်မြင်မှုတစ်ခု ဖြစ်စေမည်ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး၏ အမှတ်သင်္ကေတ အသစ်တစ်ခုလည်း ဖြစ်စေဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံက ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကုန်ကျစရိတ်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

မြန်မာဗိသုကာပညာရှင်များအသင်း (AMA)က ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ပုဂံဒေသတွင် ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံပေါင်း ၃,၈၂၂ခု ကျန်ရှိနေသေးကြောင်းနှင့် ထိုအဆောက်အအုံများတွင် ဘုန်းကြီးကျောင်းများ၊ ဂူကျောင်းများ၊ ထူပါစေတီများအပြင် အခြားသော မြင်တွေ့နိုင်သည့် သမိုင်းဝင်နေရာများအားလုံး ပါဝင်ကြောင်း သိရသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရေးအတွက် မြန်မာအစိုးရက ယူနက်စကိုထံ တင်သွင်းထားပြီး ထိုသို့ ထည့်သွင်း၊ မသွင်းကို ၂ဝ၁၉ ခုနှစ်တွင် အာဇာဘာဂျန်နိုင်ငံ၌ ပြုလုပ်မည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးတွင် အဖွဲ့ဝင် ၂၁ နိုင်ငံက မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

ထိုသို့ ဆုံးဖြတ်နိုင်ရေးအတွက် အစီရင်ခံစာရေးသားပေးမည့် အပြည်ပြည်ဆိုင်ရာ အမွေအနှစ် အဆောက်အအုံများနှင့် ဒေသများထိန်းသိမ်းရေးကောင်စီမှ သြစတြေးလျနိုင်ငံသား ပညာရှင် ရစ်ချက်မာကေးဟာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ပုဂံသို့ ရောက်ရှိနေကာ လိုက်လံကြည့်ရှုစစ်ဆေးမှုများကို ဆောင်ရွက်နေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar