“သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဖမ်းဆီးခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး”- CPJ

ရန်ကုန်၊ ဇွန် ၁၀

မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများအား ရာဇဝတ်မှုပုဒ်မများဖြင့် ဖမ်းဆီးနေမှုကို ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသည့် CPJ က ဝေဖန်လိုက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အား ဖျက်သိမ်း ပြင်ဆင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ စိတ်အားထက်သန်မှုကိုလည်း ကြိုဆိုလိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးမျိုးမြင့်မောင်နှင့် ဇွန် ၈ ရက်နေ့က တွေ့ဆုံစဉ် အဆိုပါဥပဒေအား ပြင်ဆင်ရန်အဆိုပြုမှုများ မကြာမီ စတင်တော့မည်ဟု ဦးမျိုးမြင့်မောင်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ကော်မတီဥက္ကဋ္ဌ ကတ်သလင်းကာရိုက ပြောကြားသည်။

“သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာနေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းဖို့ စိတ်အားထက်သန်မှုကို ကြိုဆိုပါတယ်။ စိတ်အားထက်သန်တဲ့အတိုင်းလည်း အမြန်ဆုံး ဖျက်သိမ်းပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ အစိုးရနဲ့တကွ ဥပဒေပြုမဏ္ဍိုင်ကို တိုက်တွန်းလိုပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ် ကိုယ်လုပ်လို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု ဇွန် ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားသည်။

သတင်းမီဒီယာသမားမျာအား ဖမ်းဆီးချုပ်နှောင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို အသုံးပြုနေခြင်း၊ ဥပဒေပါ ရာဇဝတ်ကြောင်းအရ အပြစ်ပေးနိုင်ခြင်းတို့ကြောင့် ဥပဒေအား တလွဲသုံးမှုများ ဖြစ်စေနိုင်ကြောင်းကို ဦးမျိုးမြင့်မောင်က သဘောတူညီခဲ့သည်ဟုဆိုသည်။ သို့သော် လက်ရှိတရားရင်ဆိုင်နေရသော သတင်းမီဒီယာသမားများအနေဖြင့် မည်သို့ဖြစ်နိုင်ကြောင်းကိုမူ ၎င်းက မှတ်ချက်မပြုခဲ့ကြောင်း သိရသည်။

အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) သာမက သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးနေသည့် အခြားသော ဥပဒေများနှင့် ပြည်တွင်းပြည်ပသတင်းသမားများ သတင်းရေးသားရာတွင် အတားအဆီးဖြစ်စေသော ဥပဒေများအကြောင်းကိုပါ CPJ က ဆွေးနွေးခဲ့သည်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ကြိုးပမ်းနေကြသည့် သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို CPJ က အပြည့်အဝထောက်ခံသည်ဟုလည်း ပဲန်မြန်မာနှင့် ပူးတွဲကျင်းပသည့်အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကာယကံရှင်မဟုတ်သော ကြားလူတစ်ဦးတစ်ယောက်က တရားစွဲဆိုနိုင်ခြင်း၊ သတင်းမီဒီယာသမားများကို ချက်ချင်း ဖမ်းဆီးချုပ်နှောင်နိုင်ခြင်း၊ အာမခံရရှိရန် ခက်ခဲခြင်း စသည့် အချက်များကြောင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်သည့်အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ချုပ်နှောင်လျက်ရှိသည့် အဆိုပါပုဒ်မ ၆၆ (ဃ) အား အမြန်ဆုံး ဖျက်သိမ်းပေးသင့်သည်ဟု အစိုးရတာဝန်ရှိသူများနှင့် ဥပဒေပြုမဏ္ဍိုင်တို့ကို ၎င်းတို့က တိုက်တွန်းခဲ့သည်။

ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူမှု များပြားလာသည့်အပေါ် စိုးရိမ်သည့်အပြင် သတင်းသမားများအပေါ် အကြမ်းဖက်မှုများကိုလည်း များစွာစိုးရိမ်မကင်းဖြစ်မိသည်ဟု ကတ်သလင်းကာရိုက သတင်းစာရှင်းလင်းပွဲ ပြောကြားသွားသည်။

သတင်း-ဘိုဘိုသိန်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar