သတင်းထောက်များ မေးမြန်းခဲ့သည့် မွတ်ဆလင်အမျိုးသားတစ်ဦး ခေါင်းဖြတ် အသတ်ခံရ

မောင်တော၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ အစိုးရအစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ၁၃ ခု သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း အင်တာဗျူးဖြေကြားခဲ့သည့် မွတ်ဆလင် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရသည်ဟု ဒေသခံရဲတပ်ဖွဲ့ထံမှ သိရသည်။

ငခူရကျေးရွာမှ မွတ်ဆလင်အမျိုးသားတဦးကို သတင်းထောက်များက အင်တာဗျူး မေးမြန်းခဲ့ပြီးနောက် တရက်အကြာ ဒီဇင်ဘာ ၂၁ ရက်တွင် အဆိုပါအမျိုးသားမှာ နေအိမ်မှ ပျောက်ဆုံးသွားသည်။

မောင်တောတိုက်ခိုက်မှု နောက်ဆုံးအခြေအနေများကို သတင်းရယူရန်အတွက် ဒေသခံများနှင့် လွတ်လွတ်လပ်လပ် မေးမြန်းပြောဆိုနိုင်ရန်ဆိုကာ လွတ်လပ်သော မီဒီယာအဖွဲ့ဟု အစိုးရက သတ်မှတ်ပြီး သတင်းမီဒီယာ ၁၃ ခုကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အစိုးရအစီအစဉ်ဖြင့် မောင်တောဒေသသို့ ပို့ဆောင်ပေးခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ပျောက်ဆုံးသွားသူ မွတ်ဆလင်အမျိုးသား ရှုနာများသည် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းရာတွင် အခြားကျေးရွာ ရပ်မိရပ်ဖများနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

“ကျွန်တော်တို့ကို မနက်အချိန်လောက် (ဒီဇင်ဘာ ၂၂ ရက်) မှာ ပျောက်နေတဲ့ ရှုနာများရဲ့ အစ်ကိုက လာတိုင်တယ်။ သူ့အစ်ကို ပျောက်နေတယ်ဆိုပြီး။ စခန်းမှူးတွေနဲ့ တာဝန်ရှိသူတွေ သွားစစ်ဆေးကြတယ်။ ပျောက်နေတယ်ဆိုတာ ဟုတ်ပါတယ်” ဟု ရဲမှူးကြီးသက်နိုင်က Frontier ကို ပြောကြားသည်။

ထို့နောက် ခေါင်းဖြတ်အသတ်ခံထားရသည့် ရှုနာများ၏ အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ၎င်း၏ နေအိမ်မှ မီတာ ၂၀၀ ခန့်အကွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးကြီးသက်နိုင်က ယနေ့ညနေပိုင်းတွင် Frontier ကို ထပ်မံ ပြောကြားသည်။

ထို့ကြောင့် လူပျောက်မှုကို လူသေမှုအဖြစ် ပြောင်းလဲဖွင့်လှစ်ကာ အမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျေးရွာသားတဦး၏ပြောဆိုချက်အရ သတင်းထောက်များနှင့်တွေ့ဆုံသည့်နေ့ ညသန်းခေါင်အချိန်ခန့်တွင် အဆိုပါ ရှုနာများ၏ အိမ်ကို အမည်မသိအဖွဲ့တဖွဲ့က ဝိုင်းရံထားမှုဖြစ်ပွားခဲ့ပြီးနောက် နံနက်ပိုင်းတွင် ၎င်း ပျောက်ဆုံးသွားသည်ဟု ဆိုကြသည်။

သတင်းထောက်များမေးမြန်းစဉ်က ဘာသာပြန် ကူညီပေးခဲ့သူ ငခူရရွာသား မွတ်ဆလင်တဦးဖြစ်သူ ကိုအေးမြင့်က “သူ့မိသားစုကို မေးလို့သိတာပါ။ ကျွန်တော် တပ်အပ်တော့ မြင်တာ မဟုတ်ဘူး” ဟုဆိုသည်။ ထို့ပြင် ရှုနာများတွင် မိသားစု ၁၀ ဦးခန့်ရှိသည်ဟု ၎င်းက ပြောသည်။

အစိုးရ၏အစီအစဉ်ဖြင့် သွားရောက်ခဲ့ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်က “ရဲကင်းကို ဝင်စီးလို့ ပစ်တဲ့ခတ်တဲ့အထဲမှာ အလောင်းနှစ်လောင်းက သူတို့ရွာက” ဟု ရွာသားများက ပြောသည်ဟု ဆိုသည်။

အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲကင်းများကို ဝင်ရောက်ပစ်ခတ်ရာတွင် ပါဝင်သူများကို ပြန်လည်နှိမ်နင်းခဲ့ရာတွင် သေဆုံးလျက် ဖမ်းမိခဲ့သည့် အကြမ်းဖက်သမားများနှစ်ဦးမှာ ငခူရရွာမှ ဖြစ်သည်ဟု ကျေးရွာသားများက ပြောကြားကြောင်း ဦးစည်သူအောင်မြင့်က ဆိုသည်။

“ဆိုတော့ သူတို့ရွာမှာလာပြီးတော့ ဖမ်းတာဆီးတာတွေ ရှိတာပေါ့။ ဘယ်နှစ်ယောက်လည်းတော့ ပြန်ကြည့်ရမယ်။ သူတို့တွေကို ဖမ်းတုန်းက ရဲတွေနဲ့ စစ်တပ်က မဖမ်းခင်မှာ သူတို့ (ရှုနာများ အပါအဝင်) က ရပ်မိရပ်ဖဆိုတော့ သူတို့ကို (လုံခြုံရေးတပ်ဖွဲ့တွေက) အရင်ခေါ်သွားပြီးမှာ ဖမ်းတာဆီးတာ လုပ်တယ်။ အဲ့ဒီအချိန်မှာ ရိုက်တာနှက်တာမရှိဘူးလို့ သူတို့မြင်တဲ့အတိုင်း ပြောတာပေါ့။ အဓမ္မကျင့်တဲ့ကိစ္စက သူတို့ရွာနဲ့ မဆိုင်ဘူး။ အဲ့ဒါနဲ့ပတ်သက်လို့ မှတ်ချက်ဘာမှ မပြောဘူး” ဟု ဦးစည်သူအောင်မြင့်က ပြောကြားသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar