သတင်းထောက်များအား ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းမဟုတ် – ရဲချုပ်အောင်ဝင်းဦး

ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ကာ ဖမ်းဆီးခဲ့သည်ဟူသည့် စွပ်စွဲချက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအား ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်ကို ရင်ဆိုင်နေရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲမှူးချုပ်တင်ကိုကို၏ ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များက စာရွက်စာတမ်းများ ပေးကာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူးမိုးရန်နိုင်က ပြီးခဲ့သည့်လက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဦးမိုးရန်နိုင်က ထိုသို့ထွက်ဆိုအပြီးအတွင်း ၎င်းအား မယုံကြည်ရသည့် သက်သေအဖြစ် သတ်မှတ်ပေးရန် တရားလိုဘက်မှ တရားရုံးသို့ တင်သွင်းခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။

သတင်းသမားနှစ်ဦးအား ဖမ်းဆီးခဲ့ချိန်ကတည်းက သီးခြားဖမ်းဆီးခံထားရသည့် ဦးမိုးရန်နိုင်အား ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ထားပြီးလည်း ဖြစ်သည်။

သတင်းသမားများအား ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟူသည့် စွပ်စွဲချက်မှာ ဦးမိုးရန်နိုင်၏ အပြောတစ်ခုတည်းသာဖြစ်သည်ဟု ရဲချုပ်အောင်ဝင်းဦးက ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“ထောင်ချောက်ဆင် ဖမ်းဆီးမှု မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဦးမိုးရန်နိုင်ရဲ့ အပြောတစ်ခုပဲ အခု သတင်းထောက်ကြီးတို့ သိထားတာ ရှိပါသေးတယ်။ လိုပြသက်သေ ကျန်ပါသေးတယ်။ တရားလိုပြ သက်သေတွေရဲ့ တရားရုံးရှေ့ ထွက်ဆိုချက်ကိုလည်း နားထောင်ကြည့်ပါဦးလို့ ကျွန်တော်အနေနဲ့ မေတ္တရပ်ခံလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ထောင်ချောက်ဆင်ရန် စေခိုင်းခဲ့သည်ဟု စွပ်စွဲခံထားရသည့် ရဲမှူးချုပ်တင်ကိုကိုကလည်း ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိဟု ၎င်းကဆက်လက်ပြောကြားသည်။

“သူကလည်း ဦးမိုးရန်နိုင်ပြောသလို ထောင်ချောက်ဆင်တဲ့ဇာတ်လမ်းကို အခြေအနေတစ်ခု ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ပွင့်ပွင်းလင်းလင်း ပြောရရင်တော့ ဒီဘက်က သတင်းထောက် ပုဂ္ဂိုလ်တစ်ဦးဦးကို ရဲမှူးချုပ်တင်ကိုကို တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သိထားခြင်းလည်း မရှိပါဘူး။ သူတို့ကို ဥပဒေနဲ့အညီ အမှုရင်ဆိုင်တော့မှသာ သိတဲ့အခြေအနေဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဦးမိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန့်တစ်စုံတစ်ရာ မေးခဲ့တာမရှိပါဘူး” ဟု ရဲချုပ်အောင်ဝင်းဦးက ပြောကြားသည်။

ထို့ပြင် လတ်တလောတွင် ရဲမှူးချုပ်တင်ကိုကိုအပေါ် အရေးယူမှု တစ်စုံတစ်ရာ ဆောင်ရွက်ထားခြင်း မရှိဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံထားရသည်မှာ ငါးလကျော်ကြာမြင့်နေပြီဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုအား ယနေ့ ဆက်လက်စစ်ဆေးမည်ဖြစ်ကာ အစိုးရ အမှုစစ်အရာရှိက သက်သေတစ်ဦးကို ထပ်မံ တင်သွင်းမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar