သတင်းထောက်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် သတင်းသမားများ တောင်းဆို

သတင်းရယူနေသည့် သတင်းထောက်နှစ်ဦးအား ကိုလိုနီခေတ်က ပြဌာန်းခဲ့သော မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခဲ့ခြင်းမှာ ဒီမိုကရေစီအစိုးရအတွက် ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်ဖြစ်ပြီး ၎င်းတို့နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြည်တွင်းသတင်းသမား အဖွဲ့အစည်း တစ်ဒါဇင်က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ရိုက်တာ(Reuters)သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)ဝလုံးနှင့် ကျော်စိုးဦး(ခ) မိုးအောင်တို့နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ၊ ပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့သည်” ဟု အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သတင်းထောက်နှစ်ဦးအား ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ဖော်ပြထားသည်။

သို့သော် “သတင်းသမားများအနေဖြင့် သတင်းဖြစ်ပွားရာနေရာသို့ သွားရောက်သတင်းယူခွင့်ရှိသကဲ့သို့ သတင်းပြည့်စုံမှန်ကန်စွာတင်ပြနိုင်ရန် သတင်းနှင့်ဆက်စပ်သည့် အချက်အလက်များကို မေးမြန်းစုဆောင်းခွင့် ရှိသည်ဟု ယုံကြည်ပါသည်” ဟု သတင်းသမား အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းသမားများ သတင်းအလုပ်လုပ်ရာမှ သိရှိလာသည့် အချက်အလက်များအနက် နိုင်ငံတော် လုံခြုံရေးအား ထိခိုက်စေနိုင်သည့် အချက်အလက်တို့ကို အများပြည်သူသိအောင် မဖော်ပြသင့်သည်ကို လက်ခံသော်လည်း သတင်းနှင့် ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမျှဖြင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကိုချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျရောက်နေသည်ဟုလည်း ဖော်ပြထားသည်။

“ဗြိတိသျှကိုလိုနီအစိုးရက အုပ်ချုပ်ခံ မြန်မာပြည်သူများကို နှိပ်ကွပ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီအစိုးရ အတွက် ဂုဏ်သိက္ခာကျဆင်းစေသည့်လုပ်ရပ်အဖြစ် ကျွန်ုပ်တို့အဖွဲ့အစည်းများက ရှုမြင်ပါသည်” ဟု ပြောကြားထားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာအသိုင်းအဝိုင်းတွင် မြန်မာအစိုးရအပေါ် သံသယကြီးထွားနေချိန်၌ ယခုကဲ့သို့ မြန်မာသတင်းသမားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာလည်း အစိုးရ၏ ဂုဏ်သိက္ခာကို ပို၍ညစ်နွမ်းစေနိုင်သလို ဖမ်းဆီးပြီးနောက် မိသားစုဝင်များကိုပင် ဆက်သွယ်အသိပေးခြင်းမပြုခြင်းကြောင့် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရမည်ကိုလည်း များစွာ စိုးရိမ်မကင်း ဖြစ်ရသည်ဟု ၎င်းတို့က ဆက်လက်ပြောကြားထားသည်။

ထို့ကြောင့် “အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် ယခုဖြစ်စဉ်အား ပွင့်လင်းမြင်သာစွာရှင်းပြပေးရန်နှင့် သတင်းလုပ်ငန်း လုပ်ကိုင်သည့် သတင်းစာဆရာများအား အမြန်ဆုံးပြန်လွှတ်ပေးပါရန် ကျွန်ုပ်တို့အဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုပါသည်” ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်လည်း သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအတွက် စိုးရိမ်ပူပန်မိသည်ဟု ဖော်ပြထားသည်။

“ဒီမိုကရေစီတစ်ရပ် အောင်မြင်စေရေးအတွက် သတင်းထောက်များအနေဖြင့် လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါသည်။ မြန်မာအစိုးရအနေဖြင့် ယခုဖမ်းဆီးမှုများအကြောင်း ရှင်းပြပေးရန်နှင့် (သက်ဆိုင်သူများကို) သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် မိမိတို့ တိုက်တွန်းပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar