အမေရိကန်ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့် စိတ်ကြွဆေးများကို ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများမှာ ဝ အဖွဲ့ပိုင် ပစ္စည်းများ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ယာဘ စိတ်ကြွဆေးပြားအရေအတွက် ၁၀ သန်းနှင့် ခရစ္စတယ်မက်ဟုခေါ်သည့် စိတ်ကြွဆေး တန်တစ်ဝက်နီးပါးကို ဘန်ကောက်မြို့တွင် ယာဉ်တန်းတစ်ခုထဲမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အေအက်ဖ်ပီကို မေ ၁၂ ရက်နေ့က ပြောကြားသည်။
ဒေသပေါက်ဈေး ဒေါ်လာ ၄၅ သန်းခန့် တန်ဖိုးရှိသည့် အဆိုပါမူးယစ်ဆေးများကို ထိုင်းနိုင်ငံ၏ မူးယစ်စြင်္ကန်ဟု ခေါ်တွင်ကြသည့် ထိုင်းနိုင်ငံအလယ်ပိုင်းခရိုင်ဖြစ်သော အယုဒ္ဓယမှ ဘန်ကောက်၊ ထိုမှတစ်ဆင့် မလေးရှားတောင်ပိုင်းသို့ ရောက်ရှိသည့် လမ်းကြောင်းအတိုင်း သယ်ပို့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ စိတ်ကြွဆေးဓာတ်ခွဲခန်းများမှ ထွက်ရှိလာသည့် မူးယစ်ဆေးများကို အဓိက သိုလှောင်လေ့ရှိသည့် အယုဒ္ဓယမှ ထွက်ခွာလာသော မာ်တော်ယာဉ်လေးစီးကို ထိုင်းရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဘန်ကောက်မြို့လယ်သို့ အဆိုပါယာဉ်တန်းရောက်ရှိလာသည့် မေ ၁၀ ရက်နေ့တွင် ဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ စိတ်ကြွဆေးများကို တရုတ်အမှတ်တံဆိပ်တပ်ထားသည့် လက်ဖက်အိတ်များအတွင်း သိုဝှက်ထားခြင်းဖြစ်သည်။
“ပိုက်ဆံယူပြီး သယ်ပို့ပေးတဲ့သူ ထိုင်းခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်” ဟု အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Chaktip Chaijinda က သတင်းထောက်များကို ပြောကြားသည်။ မူးယစ်ဆေးအချို့မှာ “ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန်” ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“အဲဒါတွေက မြောက်ပိုင်း ဝအဖွဲ့ ပိုင်ဆိုင်တာတွေပါ” ဟု ၎င်းကပြောသည်။ ဝအဖွဲ့သည် ရှမ်းပြည်နယ်တွင် အခြေစိုက်သည့် တိုင်းရင်းသားအုပ်စုဖြစ်ကာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် မူးယစ်ဆေးအများဆုံး ထုတ်လုပ်နေသည့် ဒေသအား ပူးတွဲထိန်းချုပ်ထားသည်။
ထိုင်းဘာသာစကားဖြင့် “ရူးသွပ်ဆေး” ဟုခေါ်သည့် ယာဘဆေးပြားများကို ပါတီပွဲတက်သူများက စတင်ကာ လယ်သမားများနှင့် ကုန်တင်ကားမောင်းသူများပါ သုံးဆွဲနေကြသည်။
မြန်မာနိုင်ငံတွင် အလွန်အမင်းထုတ်လုပ်နေမှုကြောင့် ဆေးပြားတစ်ပြား၏ တန်ဖိုးသည် ထိုင်းနိုင်ငံတွင် ဘတ် ၁၀၀ (သုံးဒေါ်လာခန့်) အထိ ကျဆင်းသွားသည်။
အိုက်စ်ဟုလည်း ခေါ်ဆိုကြသည့် စိတ်ကြွဆေးမှာမူ ထိုင်းနိုင်ငံ၌ တစ်ကီလိုလျှင် ဒေါ်လာ သုံးသောင်းခန့် ပေါက်ဈေးရှိနေသည်။