ဝေးလံခေါင်သီသည့် ကျွန်းပေါ်သို့ ဒုက္ခသည်များအား ရွှေ့ပြောင်းမည့် အစီအစဉ်ကို ဘင်္ဂလားဒေရှ့် ဆိုင်းငံ့

အေအက်ဖ်ပီ

ရိုဟင်ဂျာမူဆလင်တွေကို ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ခုပေါ်ကို ရွှေ့ပြောင်းမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ်အနီးမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကြားမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ အဲဒီအကြံအစဉ်ကို ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ပြင်းထန်တဲ့ ရာသီဥတု ကျရောက်နိုင်ပြီး ဆားငံရေပြည့်နေတဲ့ မြေနေရာဖြစ်တယ်လို့ သတိပေးမှုတွေ ရှိနေတဲ့ကြားကပဲ Bhashan Char က ဒုက္ခသည်တစ်သိန်းကို ထားရှိနိုင်မယ့် အခြေချနေရာသစ်ကို အောက်တိုဘာ ၃ ရက်နေ့မှာ ဝန်ကြီးချုပ် ရှိခ်ဟာစီနာက ဖွင့်လှစ်ပေးဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

ရွှံ့နွံထူထပ်တဲ့ကျွန်းကို လူနေထိုင်လို့ရတဲ့ စခန်းတွေအဖြစ် ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၈၀ သုံးစွဲခဲ့တဲ့ စီမံကိန်းကို ကွပ်ကဲရတဲ့ ဘင်္ဂလားဒေရှ့်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဖွင့်ပွဲအခမ်းအနားကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

“ရက်အသစ်ကို ကျွန်တော်တို့ မကြာမီ ကြေညာသွားပါမယ်” လို့ ဒုတိယဗိုလ်မှူးကြီး Alamgir Kabir က အေအက်ဖ်ပီကို ပြောပါတယ်။ ဒါပေမယ့် သူက အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

၂၀၁၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ ဒီအငြင်းပွားဖွယ် စီမံကိန်းဟာ သတ်မှတ်အချိန်ဇယား ကျော်လွန်နေပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံနယ်စပ်နဲ့ နီးစပ်ပြီး လူသူပြည့်ကြပ်နေတဲ့စခန်းတွေက ဒုက္ခသည်တွေကို မိုးရာသီမကျရောက်မီ ဇွန်လမှာ ကျွန်းပေါ်ပြောင်းရွှေ့မယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဘေးဒုက္ခစီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးကတော့ စီမံကိန်း လေးပုံသုံးပုံလောက် ပြီးစီးနေပြီလို့ အေအက်ဖ်ပီကို စက်တင်ဘာလအတွင်းက ပြောကြားခဲ့ပါတယ်။ အမိုးအကာတွေနဲ့ ဘေးကင်းရေးစင်တာတွေကို ရေတပ်က အလျှင်အမြန် တည်ဆောက်နေပါတယ်။

အခုလို ပြောင်းရွှေ့ရေးကိစ္စ နှောင့်နှေးမှုအတွက် အကြောင်းပြချက် မပေးပါဘူး။

ပင်လယ်အောက်ကနေ ၂၀၀၆ ခုနှစ်ကမှ ပေါ်ထွက်လာပြီး ဝေးလံခေါင်သီတဲ့ ကျွန်းပေါ်ကို ဒုက္ခသည်တွေ အခြေချဖို့ အဆိုပြုချက်ဟာ လူတွေနဲ့ ပြည့်ကြပ်နေတဲ့ ရိုဟင်ဂျာစခန်းတွေမှာ သိပ်ပြီး လူကြိုက်မများလှပါဘူး။

အနီးစပ်ဆုံး ကုန်းမြေကနေ လှေနဲ့တစ်နာရီကြာသွားမှာ ကျွန်းပေါ်ကို ရောက်ရှိနိုင်ပါတယ်။ ဒါပေမယ့် ကြမ်းတမ်းတဲ့မုန်တိုင်းတွေက ပင်လယ်ရေကြောင်းခရီးအတွက် အန္တရာယ်များလှသလို တခါတရံမှာလည်း သွားဖို့ မဖြစ်နိုင်ပါဘူး။

“အဲဒါက ကုန်းမြေနဲ့ အဆက်ပြတ်နေတာပဲ။ တစ်ယောက်ယောက် ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေဖြစ်လာရင် ဘယ်လိုလုပ်မလဲ” လို့ ရိုဟင်ဂျာခေါင်းဆောင် Abdul Gowffer က ပြောပါတယ်။

အဲဒီကို ပြောင်းရွှေ့၊ မရွှေ့ဆိုတာဟာ ဒုက္ခသည်တွေရဲ့ အလိုဆန္ဒအတိုင်းပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကျွန်းပေါ်မှာ လုံခြုံစိတ်ချမှုရှိစေရမယ်လို့ ဒုက္ခသည်တွေကို ဒေသခံအာဏာပိုင်တွေက ထပ်မံ အာမခံစေပါတယ်။

“ကျွန်တော်တို့ လုပ်နေကြတုန်းပဲ။ မိသားစုတွေနဲ့ ကျွန်တော်တို့ စကား ပြောဆိုနေကြတုန်းပဲ” လို့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mohammad Abul Kalam က အေအက်ဖ်ပီကို ပြောပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒုက္ခသည်တွေကို ကျွန်းပေါ်မှာထားဖို့ဟာ အရမ်းကို စွန့်စားရာရောက်တယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေရှ့်မှာ ပြီးခဲ့တဲ့နှစ် ၅၀ အတွင်း လူသိန်းပေါင်းများစွာဟာ သဘာဝဘေးတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။ အများစုကတော့ Bhashan Char အနီးတဝိုက်က ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ ကျွန်းပတ်လည်မှာ အသစ်တည်ဆောက်ထားတဲ့ သုံးမီတာ (ကိုးပေ) အမြင့်ရှိ တမံကို ညွှန်ပြကြပြီး ဆိုင်ကလုံးဒီရေဒဏ် ကျွန်းကို မရောက်အောင် အဲဒီတမံက ကာကွယ်ပေးလိမ့်မယ်လို့ ပြောကြားကြပါတယ်။

ဒုက္ခသည်တွေရဲ့ စိုးရိမ်ပူပန်မှုကတော့ မြင့်မားနေဆဲပါ။

“ဆိုင်ကလုံးကနေ ပြင်းပြင်းထန်ထန် တိုက်ခတ်တာနဲ့ အမိုးအကာတွေ အကုန်လွင့်ကုန်မှာ” လို့ ခေါင်းဆောင်တစ်ဦးဖြစ်သူ Mohammad Shoyeb က ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar