ရန်ကုန်၊ ဇန်နဝါရီ ၄
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးနေရာပေးရန် စာရေးသား တောင်းဆိုမှုများ ရှိနေပြီး ထိုကဲ့သို့ တောင်းဆိုသည့် ပါတီဝင်များကို ပါတီစည်းကမ်းအတိုင်း အရေးယူသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အလုပ်လုပ်မည့်သူများကိုသာ ဝန်ကြီးနေရာပေးမည်ဟု ၎င်းက ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ပြုလုပ်သည့် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေအထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်စုစုပေါင်း၏ ၈၀ ရာခိုင်ကျော်ကို အနိုင်ရရှိထားကာ အစိုးရဖွဲ့စည်းနိုင်ပြီဖြစ်သည်။ အစိုးရဖွဲ့စည်းပြီး နိုင်ငံတော်အာဏာ လွှဲပြောင်းရယူနိုင်ရေးအတွက် လက်ရှိအစိုးရနှင့် ညှိနှိုင်းဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ဝန်ကြီးနေရာရရှိရေးအတွက် ၎င်းထံ စာရေးသားတောင်းဆိုသူများရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့ဖူးသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူများက ယုံကြည်စွာ မဲပေးခဲ့သည့်အတွက် နိုင်ငံအတွက် မှန်ကန်သည့် ဦးဆောင်မှုပေးရန် ရှိနေသောကြောင့် မှန်ကန်သည့် ဦးဆောင်မှုကို ပေးသွားမည်ဟု ၎င်းက ပြောကြားသည်။
သို့သော် ပြီးခဲ့သည့် သမိုင်း၏ အခိုက်အတန့်ကာလများမှ နာကျင်ခါးသည်းမှုများက အစိုးရသစ်အတွက် ဝန်ထုတ်ဝန်ပိုးများ ဖြစ်လာရသလို ဖိအားနှင့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများအဖြစ်နှင့် မင်းမူနေဆဲဖြစ်သည်ဟု အဖွဲ့ချုပ်က ထုတ်ပြန်သည့် လွတ်လပ်ရေးနေ့ ကြေညာချက်တွင် ထည့်သွင်း ရေးသားထားသည်။
သတင်း- Frontier သတင်းအဖွဲ့