ဝန်ကြီးဌာနအချို့တွင် ဝန်ထမ်းများ ဖောင်းပွနေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒီဇင်ဘာ ၁၇ ရက်နေ့က အစည်းအဝးတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ်။ ဓာတ်ပုံ- NLD Chairperson Facebook

ဒီဇင်ဘာ ၁၇ ရက်နေ့က အစည်းအဝးတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ်။ ဓာတ်ပုံ- NLD Chairperson Facebook

အစိုးရ ဝန်ကြီးအချို့တွင် ဝန်ထမ်းအရေအတွက် ဖောင်းပွနေသည့်အတွက် မလိုအပ်သော ဝန်ကြီးဌာနများကို ပူးပေါင်းသွားမည်ဖြစ်သော်လည်း ဝန်ထမ်းများ စိုးရိမ်ပူပန်ရန် မလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ ရက်က ပြောကြားသည်။

“ဝန်ထမ်းတွေ စိတ်မပူပါနဲ့။ မလိုလားအပ်တဲ့ ဝန်ကြီးဌာနတွေပေါင်းမယ်။ အချို့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေ ဖောင်းပွနေတယ်။ ဝန်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက သေသေချာချာ စစ်ဆေးရမယ်။ အရည်အချင်းတွေ မြှင့်တင် ပေးရမယ်။ အောက်က ဝန်ထမ်းတွေကလည်း အထက်လူကြီးရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ ပန်းလိုပဲ။ အခွင့်အရေးယူရင် တာဝန်ယူရမယ်။ တပ်မတော်ထဲက လာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလာလာ ဝန်ထမ်းက ဝန်ထမ်းပဲ။ ကျောသားရင်သား ခွဲခြားမှာ မဟုတ်ဘူး။ အတိတ်တွေကို ထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့နိုင်ရင် အတိတ်ရဲ့ အကျဉ်းသားတွေပဲဖြစ်မယ်။ ပြည်သူကို ယုံကြည်လို့ နိုင်ငံရေး လုပ်တာ။ ပြည်သူတွေကို မယုံကြည်ပဲနဲ့ နိုင်ငံရေးမလုပ်ဘူး။ ပြည်သူပြည်သားတွေလည်း ကိုယ့်ကိုကိုယ် ယုံကြည်အောင် လုပ်ရမယ်။ ဝန်ထမ်းတွေ စိတ်မပူပါနဲ့။ ဝန်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့ မလိုဘူး။ နိုင်ငံကို တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ ပြည်သူတွေအတွက်လုပ်တာလို့ စိတ်ထဲမှာထားရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့သည် ဒီဇင်ဘာ ၁၇ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

”အများပြည်သူ ဆင်းရဲနေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူစရာ မဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေခြင်းသည် ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ဘူး။ ဝန်ထမ်းများ စိတ်အေးလက်အေးနဲ့နေပါ။ ဖြုတ်ထုတ်သတ်တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး။ ကျွမ်းကျင်မှုမရှိသေးတောင် ကျွမ်းကျင်မှုရှိအောင် လုပ်ဆောင်ပေးမယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကိုလည်း ကြောက်စရာမလိုဘူး။ ကိုယ်မဲထည့်လိုက်လို့ ကိုယ်စားလှယ်ဖြစ်လာကြတာ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုနေရာအနိုင်ရရှိခဲ့ပြီးနောက် လက်ရှိအစိုးရထံမှ နိုင်ငံအုပ်ချုပ်ရေးတာဝန်များကို လွှဲပြောင်းရယူရန် စီစဉ်လျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲတာဝန်နှင့် အစိုးရအဖွဲ့တာဝန်များ စနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးကာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးရဲထွဋ္ဋ်၊ ဦးမောင်မောင်အုန်းနှင့် ဦးဇော်ဌေးတို့ ပါဝင်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ကျင်းပနေပြီဖြစ်သည်။ တာဝန်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ္ဋ်က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

သတင်း – Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar