ဝင်ငွေခွန်က လက်တွေ့အခြေအနေနှင့် ကိုက်ညီရန်လိုဟု သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ပြည်ထောင်စုအစိုးရက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် အခွန်အကောက် ဥပဒေကြမ်း၏ အပိုဒ် ၁၉ ပါ ဝင်ငွေခွန် စည်းကြပ်နှုန်းထား သတ်မှတ်မှုများကို လက်ရှိအခြေအနေများနှင့် ကိုက်ညီအောင် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ဝင်ငွေခွန် စည်းကြပ်မှု နှုန်းထားသတ်မှတ်မှုများကို လက်တွေအခြေအနေနှင့် ကိုက်ညီတဲ့ နှုန်းထားဖြစ်အောင် လွှတ်တော်ကော်မတီများနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံးရရှိတဲ့ အခွင့်အလမ်းကို မှန်မှန်ကန်ကန် အသုံးပြုနိုင်အောင် ဆွေးနွေး အဖြေရှာပေးကြဖို့ မှာကြားလိုပါတယ်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများသာမက အခွန်ထမ်းပြည်သူများအနေဖြင့်လည်း အခွန်ဆောင်ရန် ပိုမိုစိတ်ဝင်စားလာမှာ ဖြစ်သလို အခွန်ငွေများ တိုးမြင့်လာနိုင်တယ်လို့ သုံးသပ်ရရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်သည် ဘတ်ဂျက်ဥပဒေကြမ်း၊ အခွန်ဥပဒေကြမ်းများနှင့် ဆက်စပ်ပြီး နိုင်ငံ့ဝန်ထမ်းများကိုယ့်ဂုဏ်သိက္ခာနှင့်အညီ ခံစား နေထိုင်နိုင်ရန်အတွက် လစာကြေးများ သင့်တင့်စွာရရှိရေးကို ဦးစားပေး ဆွေးနွေး ဆောင်ရွက်ပေးနိုင်သကဲ့သို ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း အတတ်နိုင်ဆုံး လိုက်လျောဆောင်ရွက်ပေးခဲ့သဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် နှစ်အလိုက် လစာစရိတ်များ အထိုက်အလျောက် တိုးမြင့်ရရှိ ခံစားခဲ့ကြရသည်ဟုလည်း ၎င်းကပြောသည်။

“ယခု ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံးအချိန်မှာတော့ နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ်ပိုင်းမှာ ဆောင်ရွက်ပြီးစီးနိုင်မှု အခြေအနေ အခွင့်အလမ်း မရှိတော့ပါ” ဟု သူရဦးရွှေမန်းက ပြောသည်။

ဥပဒေကြမ်းပါ ဝင်ငွေခွန် နှုန်းထားများအရ လခ ကျပ်ငါးသိန်းရရှိသည့် ညွှန်ကြားရေးမှူးချုပ် တစ်ဦးသည် တစ်နှစ်လျှင် ဝင်ငွေခွန် ကျပ် ၆၀,၀၀၀ ခန့်၊ သို့မဟုတ် တစ်လ ကျပ် ၅,၀၀၀ ခန့် ပေးဆောင်ရမည်ဖြစ်သည်။

ထိုအခါ သူ၏ ရာထူးအဆင့်အရ မိသားစု နေထိုင် စားသောက်မှု အနေအထားအတွက် လုံလောက်မှု မရှိခဲ့လျှင် အခွန်ပေးဆောင်လိုစိတ် လျော့နည်းနိုင်သဖြင့် ထိုနှုန်းထားများ၊ အခွန်ကင်းလွတ်ခွင့်များကို ထပ်မံ ဖြေလျှော့ပေးစေလိုသည့်အတွက် လွှတ်တော်နာယကက ယခုကဲ့သို့တိုက်တွန်း ပြောကြားခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ချောင်းဦးမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစောလှထွန်းက FRONTIER ကို ဖြေကြားသည်။

“ဝန်ထမ်းတွေအတွက် ဝင်ငွေခွန်နှုန်းထားတွေ ထပ်လျှော့ချဖို့၊ ကျောင်းနေ သားသမီး၊ အတူနေ မိဘ ယောက္ခမ စတာတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေ ထပ်ပေးဖို့ဆိုတာမျိုးတွေကို လွှတ်တော်ဘက်ကရော အစိုးရအဖွဲ့ဘက်ကပါ လက်ရှိအခြေအနေတွေနဲ့ကိုက်အောင် ထပ်ဆွေးနွေးကြဖို့သူရဦးရွှေမန်းက ပြောတာပါ။ နောက်ပြီး ခေတ်မမီတော့တဲ့ ရေခွန်၊ မြေခွန်၊ ယဇ်မျိုးခွန်တွေကိုလည်း ဖြစ်သင့်တဲ့ နှုန်းထားတွေအထိ တိုးမြှင့် သတ်မှတ်ဖို့လည်း ပါပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ အခွန်အကောက်ဥပဒေကြမ်းကို ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကျင်းပမည့် ယခု ပထမအကြိမ် လွှတ်တော် သက်တမ်းမှာပင် အပြီး ဆွေးနွေး အတည်ပြုကြမည်ဖြစ်သည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar