လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသည့်မီးမှာ ဧပြီ ၂၇ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းဖွယ်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် ကြေးမုံသတင်းစာကို ပြောကြားသည်။
“သူ့ကိုငြှိမ်းသတ်ဖို့ဆိုရင် ကျွန်တော် ခန့်မှန်းတာတော့ အနည်းဆုံး ဧပြီ ၂၇ ရက်လောက်မှ လောင်စာကုန်ပြီး မီးလောင်တာ ရပ်သွားလိမ့်မယ်။ လောလောဆယ်တော့ ဘာမှ လုပ်လို့မရဘူး။ တခြားကို မကူးစက်အောင်ဘဲ လုပ်လို့ရမယ်။ မိုးရွာသလို လောင်းနိုင်ရင်တော့ ကောင်းတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ကြေးမုံသတင်းစာကို ပြောကြားသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါမီးသည် ဧပြီ ၂၃ ရက်နေ့ မွန်းလွဲပိုင်းခန့်အထိ စတုရန်းဧက ၁၀၀ ခန့် ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်ဟု သိရသည်။ ဧရိယာစတုရန်းဧက ၃၀၀ ခန့်ရှိသော အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်နေ့က မီးစတင် လောင်ကျွမ်းနေခြင်း ဖြစ်ကာ မီးသတ်တပ်ဖွဲ့က ဆက်လက်ငြှိမ်းသတ်နေဆဲဖြစ်သည်။
မီးလောင်မှုကြောင့် မီးခိုးများ အဆမတန်ထွက်ရှိနေပြီး အဆိုပါမီးခိုးများသည် လေလမ်းကြောင်းအတိုင်း လိုက်ပါစီးမျောကာ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အခြား လေလမ်းကြောင်းသင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေလျက်ရှိသည်ဟု မီးသတ်ဦးစီးဌာနက ပြောကြားထားသည်။
ဒေါက်တာအောင်မြင့်မော်ကလည်း မီးလောင်မှုကြောင့် ထွက်ရှိလာသည့် အမှုန်များအား သတိထားကြရန် ပြောကြားသည်။
“အမှိုက်မီးလောင်မှုကြောင့် ထွက်သွားတဲ့ အမှုန်တွေကတော့ လေထဲပဲသွားမှာ။ ပြည်သူတွေ အန္တရာယ် မရှိအောင် mask တွေ တပ်ဖို့လိုတယ်။ မီးခိုးအနံ့ကြောင့်တော့ ရင်ကျပ်တာတွေ ဖြစ်နိုင်တယ်။ အဆုတ်ရောဂါ ရှိတယ်ဆိုရင်လည်း ချောင်းပိုဆိုးနိုင်တယ်။ ရင်ဘတ်အောင့်တာတို့၊ အသက်ရှူကျပ်တာတို့ ဖြစ်ရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသင့်တယ်” ဟု ၎င်းက ပြောကြားသည်။