လွှတ်တော်သစ်အတွက် ဥက္ကဋ္ဌနေရာ လျာထားသူများ အမည်စာရင်းထွက်ပေါ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် လွှတ်တော်သစ်ကို ဦးဆောင်ရမည့်သူများအား ရွေးချယ်ထားပြီး ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့အား လျာထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဦးဝင်းမြင့်သည် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တာမွေမြို့နယ်မှ NLD ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဦးမန်းဝင်းခိုင်သန်းသည် ကရင်လူမျိုးတစ်ဦးဖြစ်ကာ မြဝတီမြို့နယ်တွင် NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

လွှတ်တော်များ၏ ဒုတိယဥက္ကဋ္ဌများအဖြစ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကချင်လူမျိုး ကိုယ်စားလှယ်တစ်ဦးကို လျာထားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

အခြေခံဥပဒေတွင် ပြဌာန်းထားချက်အရ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည်။ သို့သော် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိထားသော NLD က ရွေးချယ်တင်မြှောက်မည့်သူများမှာ လွှတ်တော်၏ အတည်ပြုချက်ရရှိရန် ခက်ခဲမည်မဟုတ်ပေ။

ပြီးခဲ့သည့် ရက်သတ္တပတ်က လွှတ်တော်သစ်အတွက် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားသူ ၁၆၆ ဦးကို တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

လက်ရှိကျင်းပနေသည့် လွှတ်တော်များသည် ယခုလကုန်တွင် ပြီးဆုံးမည်ဖြစ်ကာ လွှတ်တော်သစ်များသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ လွှတ်တော်သစ်များတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအား ဦးစွာရွေးချယ်မည်ဖြစ်ပြီး အစိုးအဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်သည်။

သတင်း- အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar