လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို ပြန်လည်ရေးဆွဲထား

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ကော်မရှင်က ပြန်လည် ရေးဆွဲပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ်စားလှယ်တဦးဦးဟာ ၎င်းဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ၊ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ၊ အကျင့်စာရိတ္တတွေ၊ ချို့ယွင်းလာမယ်၊ ဥပဒေတရပ်ရပ်ကို ဖောက်ဖျက်လာမယ်ဆိုရင် ဒီကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကိုတော့ ယနေ့ထိ ပြည်သူတွေ မရရှိနေသေးကြောင်း သတိပြုနေကြပြီဖြစ်ပါတယ်” ဟု ဦးသောင်းအေးက မေးမြန်းခဲ့သည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က ဦးရွှေမန်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လွှတ်တော်တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လပိုင်းက တကြိမ်၊ ၂၀၁၅ ခုနှစ် သြဂုတ်လပိုင်းတွင်တကြိမ်၊ ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

လွှတ်တော်တွင်း ဆွေးနွေးချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်တဦးဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုလျင် မဲပေးခွင့်ရှိသူဦးရေ၏ ၁ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရမည်ဖြစ်သည်။

သို့သော် လွှတ်တော်တွင်းဆွေးနွေးခဲ့ရာတွင် ၁ ရာနှုန်းအစား၊ မဲပေးခွင့်ရှိသူများ၏ ၃ ရာခိုင်နှုန်းဟူ၍ ပြောင်းလဲရန် ဆွေးနွေးခဲ့ကြရာမှ နောက်ဆုံးတွင် အဆိုပါကိစ္စကို ဆိုင်းငံ့ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြန်လည် ဖြေကြားရာတွင် “ဥပဒေကြမ်း ရေးဆွဲပြီး ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဆိုတာ အထူးအားဖြင့်တော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ သက်ဆိုင်တဲ့ဥပဒေသာ ဖြစ်ပါတယ်။ ဟိုတခါလို Issues (ကိစ္စရပ်တွေ) အများကြီး မပေါ်အောင် ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။

ဦးသောင်းအေး၏ ပြောဆိုချက်များအရ “ဒုတိယပုံမှန်အစည်းဝေးမှာ (ဦးရွှေမန်းဦးဆောင်သည့်) ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကက တင်ပြတဲ့ ဦးစားပေးပြဌာန်းရမယ့် ဥပဒေ ၄၈ ခုမှာ ဒီ ဥပဒေပါလာတာ မတွေ့ရ” ဟုဆိုသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar