နေပြည်တော်၊ ၂၁ ဒီဇင်ဘာ
လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်သို့တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်းစာအုပ်ကို ထုတ်ဝေရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
၂၀၁၅ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို လိုင်စင် ဓာတ်ပုံတစ်ပုံနှင့်အတူ ကိုယ်တိုင် လက်မှတ်ရေးထိုးလျက် ဒီဇင်ဘာ ၂၉ ရက်နေ့နောက်ဆုံးထားပြီး လွှတ်တော်ဥက္ကဋ္ဌရုံးသို့ပေးပို့ရန် အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က ဒီဇင်ဘာ ၁၈ ရက် နေ့စွဲဖြင့် နိုင်ငံရေးပါတီများထံ စာပို့ အကြောင်းကြားထားသည်။
ပြည်သူ့လွှတ်တော်ကလည်း အလားတူ မှတ်တမ်းစာအုပ် ထုတ်ဝေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့လည်း စီစဉ်နေပါတယ်။ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးက ရထားတာတွေလည်းရှိတော့ ကျွန်တော်တို့မှာ မရှိသေးတဲ့ အချက်တွေလောက်ပဲ တောင်းသွားမှာပါ။ မှတ်တမ်းစာအုပ်ကိုတော့ ဇန်နဝါရီလထဲမှာ ထုတ်ဖြစ်ပါမယ်” ဟု ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောသည်။