လွတ်လပ်ရေး၏ အသီးအပွင့်များကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိသေးဟု သမ္မတပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၄

လွတ်လပ်ပင် လွတ်လပ်ခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသနေရာအချို့တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိသေးပဲ အနာဂတ်များပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်ဟု သမ္မတဦးထင်ကျော်၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြားတွင် အကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများ ပေါ်ပေါက်ခဲ့မှုများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေခဲ့ရကြောင်းလည်း ၎င်းကပြောကြားထားသည်။

“လက်နက်ကိုင်နည်းလမ်းများသည် ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း အလျင်းမရှိဘဲ ရှည်ကြာစေခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်၍ ဖွံ့ဖြိုးမှုများလည်း နောက်ကျကျန်ခဲ့ရသည်ကို ဆယ်စုနှစ်များစွာ အထင်အရှား တွေ့ခဲ့ရပြီဖြစ်သည်” ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့အချိန်အခါတွင် သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရည်ရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသား ညီကိုမောင်နှများအားလုံးကလည်း နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု ဦးထင်ကျော်က သဝဏ်လွှာထဲတွင် ပြောကြားထားသည်။

ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြုကြရန် အထူးအရေးကြီးသည်ဟု ဖော်ပြထားသည်။

အစိုးရအနေဖြင့် ပြည်သူလူထုအတွက် စားဝတ်နေရေး၊ လူမှုဘဝဖူလုံရေးအတွက် ဆောင်ရွက်လျှက်ရှိရာ၊ တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း တောင်ပေါ် မြေပြန့်၊ ပြည်နယ်ပြည်မ မခွဲခြားဘဲ မိမိကျရာ အခန်းကဏ္ဍမှ ပြည်ထောင်စုအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ဦးထင်ကျော်က တိုက်တွန်းထားသည်။

ယနေ့ကျရောက်သည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွပ်လပ်ရေးကျောက်တိုင်ရှေ့တွင် ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ကျင်းပခဲ့သည်။ ယခင်က အဆိုပါအခမ်းအနားကို ပြည်သူ့ရင်ပြင်တွင်သာ ကျင်းပခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် နေရာရွှေ့ပြောင်းကာ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အခမ်းအနားတွင် အလံတင်ပွဲ ကျင်းပပြီးနောက် သမ္မတဦးထင်ကျော်က ပေးပို့သည့် သဝဏ်လွာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် အသက် ၉၇ နှစ်ရှိ အဘသော်က ပြည်သူပြည်သားအားလုံး စိတ်ဓါတ်များ ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောကြားသည်။

“Unity is strength လို့ ခေါ်ပါတယ်။ စည်းလုံးညီညာ အောင်ကြောင်းဖြာဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး တက်ညီလက်ညီ အုတ်တစ်ချပ် သဲတစ်ပွင့် စုပြီး တည်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တစ်ချိန်က ကြီးပွားချမ်းသာတယ်ဆိုတဲ့ နိုင်ငံကြီးတွေထက် ကြီးပွားချမ်းသာလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ” ဟု ၁၉၃၈ ခုနှစ်ကတည်းက နိုင်ငံရေးလုပ်ခဲ့သူဖြစ်သည့် ၎င်းက ပြောကြားသည်။

တပ်မတော်တွင် ဒုဗိုလ်တာဝန်ကို ထမ်းဆောင်ခဲ့သူ အသက် ၉၁ နှစ်အရွယ် ဦးဘတင်ကလည်း “တိုင်းရင်းသားတွေအကုန်လုံးက ငြိမ်းချမ်းရေးကိုလိုချင်ကြတယ်၊။ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အာရှလူငယ်အသင်း၏ ကာယခေါင်းဆောင်အမျိုးသမီးဖြစ်ခဲ့ဖူးသူ အသက် ၉၄ နှစ်အရွယ် ဒေါ်နှင်းမယ်က တော်လှန်သည့် အဖွဲ့အစည်းများကို အကြမ်းဖက် အဖွဲ့အစည်းများဟု စွပ်စွဲခြင်းများကို ရပ်တန့်ကြရန် တိုက်တွန်းလိုက်သည်။

“လူမျိုးစု အချုပ်အခြာအာဏာ တန်းတူရေးကို ထူထောင်ပါ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်ပိုင် ပြဌာန်းခွင့်ပေးပါ၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းလုပ်မယ်ဆိုတာကို တစ်ဖက်က ဝမ်းသာရပြီး၊ တစ်ဖက်ကလည်း လူမျိုးစုတွေအပေါ်မှာ တိုက်ပွဲဆင်မှုတွေကြောင့် ကလေးတွေနဲ့ ပြေးနေကြတဲ့ ပုံတွေကို မြင်ရတော့ စိတ်ထဲမှာ အရမ်းကို စိတ်မကောင်းဘူး” ဟု ၎င်းက ရင်နင့်သံဖြင့် ငိုသံပါပါ ပြောကြားသည်။

“အဲဒီဟာအတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ငါတို့တိုင်းပြည်မှာ မွေးတဲ့သူမှန်သမျှ ငါတို့ဗမာလူမျိုးချည်းပဲလို့ ခွဲရမှာလဲ။ ဘာလို့အကြမ်းဖက်သူတွေလို့ ပြောရမှာလဲ။ မပြောသင့်ဘူး” ဟု ၎င်းကပြောသည်။

“ကျွန်မတို့ရန်သူတွေကို တိုက်ခဲ့တုန်းက ရန်သူတွေကို အင်နဲ့အားနဲ့ စုပေါင်းကာ တိုက်ထုတ်ခဲ့ကြတယ်။ အခုတော့ ဒီလိုမဟုတ်ဘူး၊ ကျွန်မတို့ တိုင်းပြည်ထဲမှာ ဖြစ်နေတယ်။ အခုချိန်မှာ ကျွန်မတို့ တိုင်းပြည်ကြီး နောက်ထပ် အနာမခံစေချင်တော့ဘူး” ဟု ၎င်းကပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar