လျှပ်စစ်မီတာခ ပဟေဠိ အဖြေမသိသေးပါ

နေပြည်တော်၊ အောက်တိုဘာ ၁၂ 

တစ်နှစ်လျှင် ကျပ်ဘီလျံ ၃၀၀ ကျော်ကို ပြည်သူ့ဘဏ္ဍာငွေထဲက စိုက်ထုတ်သုံးစွဲနေရတဲ့ လျှပ်စစ်ကဏ္ဍကို ပြုပြင်ဖို့ ဓာတ်အားခနှုန်းထား အပြောင်းအလဲလုပ်ဖို့ စီစဉ်နေတယ်ဆိုပေမယ့် ဒီနေ့အထိတော့ အတိအကျမသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်မှာ ဆန္ဒပြမှုတွေကြုံရလို့ မူလစဉ်းစားထားချက်အောက် လျှော့ချ တိုးမြှင့်ခဲ့ရတဲ့ မီတာခနှုန်းထားတွေကို လက်ရှိအစိုးရကလည်း ပြင်ဆင်ဖို့ကြိုးပမ်းနေပေမယ့် အကောင်အထည် မဖော်နိုင်သေးတာပါ။

နေပြည်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ ဒီနေ့ပြုလုပ်တဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း နှုန်းထားတိုးမြှင့်ရေး လုပ်ငန်းစဉ်တွေဟာ ခရီးအတော်ရောက်ပြီလို့ဆိုနိုင်ပေမယ့် များမကြာမီမှ ကြေညာဖွယ်ရှိတယ်လို့ပဲ တာဝန်ရှိသူတွေက ပြောကြပါတယ်။

“တစ်ဖက်ကလည်း လျှပ်စစ်ဓာတ်အားခ ပြုပြင်ပြောင်းလဲမှုတွေကို စီမံဆောင်ရွက်နေသလို တစ်ဖက်ကလည်း ဝန်ဆောင်မှု ဒီထက်ပိုကောင်းအောင် ဆောင်ရွက်နေတာရှိပါတယ်”လို့ ဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ဆိုပါတယ်။

ဝန်ဆောင်မှုတိုးမြှင့်ဖို့ရာ ဘာတွေလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ထည့်သွင်းမပြောဆိုပေမယ့် သတင်း ထုတ်ပြန်ချက်ထဲမှာတော့ စောင်းရွဲ့နေတဲ့ ဓာတ်အားလိုင်းများ  ပြန်လည်တည့်မတ်ခြင်း၊ ဟောင်းနွမ်းဆွေးမြေ့ ပေါက်ပြဲနေတဲ့ သက်တမ်းလွန် ဆားဗစ်ကြိုးများ၊ ဓာတ်တိုင်များ ၊ ကြွေသီးများလဲလှယ်ခြင်း၊ အန္တရာယ်ဖြစ်မှု လျှော့ချဖို့အတွက် လျှပ်ကာပါတဲ့ ကြိုးများနဲ့ လဲလှယ်ခြင်း၊ ဓာတ်အားပျောက်ဆုံးတာတွေ လျှော့နည်းကျဆင်းတာတွေ မဖြစ်စေဖို့အတွက် ဓာတ်အားခွဲရုံများ တိုးချဲ့ခြင်းစတာတွေ လုပ်နေတယ်လို့ ပါဝင်ပါတယ်။

နှုန်းထားတိုးမြှင့်မှုကို ဘယ်လိုအခြေခံစဉ်းစားချက်နဲ့ တွက်ချက်နေပါသလဲလို့ Frontier က မေးမြန်းတဲ့အခါမှာတော့ အလွှာပေါင်းစုံနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ စီစဉ်နေပါတယ်လို့ပဲ ပြောပါတယ်။

“ဘယ်လိုအလွှာတွေကို တိုးမလဲ၊ ယူနစ်နှုန်းနဲ့ သွားမလား၊ အလွှာနှုန်းနဲ့ သွားမလား။ ဒါတွေကို ကျွန်တော်တို့ အများကြီး စဉ်းစားရပါမယ်”လို့ ဦးဌေးအောင်က ဆိုတယ်။

ဒီနှစ် နှစ်ဆန်းပိုင်းကစလို့ တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ပညာရှင်များနဲ့ ဝန်ကြီးဌာန တာဝန်ရှိသူများပါဝင်တဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို နှစ်ကြိမ်တိုင် ပြုလုပ်ပြီးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနစ် ၁၀၀ နှင့်အထက် အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ လို့ မူလက သတ်မှတ်ထားရာမှ ၁၀၀ ယူနစ်အထိသုံးလျှင် ၃၅ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိသုံးလျှင် ၄၀ ကျပ်၊ ၂၀၁ နှင့် အထက်သုံးလျှင် ကျပ် ၅၀ လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဆင့်ဆင့်ခွဲခြား သတ်မှတ်ခဲ့တဲ့အတိုင်း ကောက်ခံနေဆဲဖြစ်ပါတယ်။

စက်မှုလုပ်ငန်းများတွေကိုတော့ ယူနစ် ၅,၀၀၀ နှင့် အထက်ကို ကျပ် ၁၅၀ နှုန်းကောက်ခံမယ်လို့ ပြီးခဲ့တဲ့ အစိုးရက စီစဉ်ဖူးပေမယ့် တကယ်သတ်မှတ်တဲ့အခါမှာတော့ ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁,၀၀၀၀ အထိ ကျပ် ၁၀၀၊ ယူနစ် ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၂၅ ကျပ်၊ အဆိုပါယူနစ်ထက် ကျော်လွန်ပါက ကျပ် ၁၅၀ လို့ ပြင်ဆင်ပေးခဲ့ရပြီး အခုလည်း ဒီနှုန်းထားအတိုင်းပဲ ရှိနေသေးပါတယ်။

ဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် ၂၀၁၇-၁၈ မှာ ဓာတ်အားသုံးစွဲသူဦးရေ သုံးသိန်း ကျော် တိုးလာတယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးရဲ့ ၃၇ ရာခိုင်နှုန်းကျော်သာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.