နေပြည်တော်၊ ဇူလိုင် ၁၀
လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ခွင့်ရက်ရှည် ယူထားတဲ့အတွက် သူ့ရဲ့ တာဝန်တွေကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တာဝန်ယူ ဆောင်ရွက်နေတယ်လို့ အဆိုပါ ဝန်ကြီးဌာနနှစ်ခုက တာဝန်ရှိသူတွေက Frontier ကို အတည်ပြုပါတယ်။
“ဆောက်လုပ်ရေးဝန်ကြီးက ပူးတွဲတာဝန်ထမ်းဆောင်နေပါတယ်။ ဝန်ကြီးခွင့်သွားလို့ပါ”လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။ ဒါပေမဲ့ ဦးဖေဇင်ထွန်း တာဝန်ကနေ အနားယူတော့မှာ ဟုတ်မဟုတ်ကိုတော့ သူ့အနေနဲ့ အတည်မပြုပေးနိုင်ဘူးလို့ ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းသိမ်းကလည်း “နှစ်ရုံးစလုံးမှာ ရုံးထိုင်နေပါတယ်”လို့ ပြောပေမဲ့ ဘယ်ကာလအထိ ပူးတွဲတာဝန်ထမ်းဆောင်ဖို့ရှိသလဲဆိုတာကိုတော့ သူမသိဘူးလို့ ဆိုတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၉ ရက် သတင်းထုတ်ပြန်မှုမှာတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ဟာ ဇူလိုင် ၈ ရက်နေ့မှာ မင်းဘူးမြို့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မန်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို သွားရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဦးဖေဇင်ထွန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တုန်းက လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရချိန်မှာတော့ အဲဒီဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူပါ။
ကျန်းမာရေးခွင့်ခံစားနေတဲ့ ဦးဖေဇင်ထွန်း အပါအဝင် အချို့သော ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေကို မကြာမီမှာ အစားထိုးဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
သတင်း-ဉာဏ်လှိုင်လင်း