လေယာဉ်ပျက်ရှာဖွေသည့်နေရာ၌ ရာသီဥတု ဆိုးရွားနေမှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေ

ရန်ကုန်၊ ဇွန် ၁၀

လွန်ခဲ့သည့် လေးရက်က ပျောက်ဆုံးသွားခဲ့သည့် တပ်မတော်ကုန်တင်လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာတစ်ဝိုက်တွင် ရာသီဥတုဆိုးရွားနေသဖြင့် ရာသီဥတုကောင်းမွန်မှ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

“ပင်လယ်ပြင်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နေရာတစ်ဝိုက်တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရာသီဥတုဆိုးရွားနေပြီး လှိုင်းအမြင့် ကိုးပေခန့်နှင့် လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၂၀ အတွင်းရှိနေ၍ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများအနေဖြင့် ရာသီဥတု ကောင်းမွန်သည်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်” ဟု ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အောင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အောင် အနောက်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ကပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးတွင် ဇွန် ၇ ရက်နေ့က ပျက်ကျသွားခဲ့သည့် Y8 ကုန်တင်လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ၁၂၂ ဦးအနက် ယနေ့ နံနက် ၁၁ နာရီခန့်အထိ ရုပ်အလောင်း ၃၃ လောင်းကိုသာ ပြန်လည်တွေ့ရှိသေးသည်။

ယမန်နေ့ကအထိ ရုပ်အလောင်း ၃၂ လောင်းပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယနေ့နံနက် ၁၁ နာရီကျော်ခန့်တွင် အမျိုးသားရုပ်အလောင်းတစ်လောင်းအား စစ်ရေယာဉ်က ထပ်မံရှာဖွေ တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။ ယမန်နေ့ကအထိ တွေ့ရှိထားသည့် ရုပ်အလောင်း ၃၂ လောင်းအနက် ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာမိသားစုဝင်များက စစ်ဆေးကာ ရုပ်မည်အတည်ပြုနိုင်ခဲ့သည့် ၁၀ လောင်းကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ ဇွန် ၉ ရက်နေ့က ထားဝယ်မြို့တွင် သဂြိၤုလ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရုပ်အလောင်းကိုးလောင်းကိုလည်း ထပ်မံ၍ အမျိုးအမည်ခွဲခြားနိုင်ခဲ့ပြီးဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ပင်လယ်တွင်းမှ တွေ့ရှိထားသည့် ရုပ်အလောင်းအများစုမှ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြသည်ကို တွေ့ရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ယနေ့အထိ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်းနှင့် အမျိုးသားရုပ်အလောင်း လေးလောင်းတို့ကို ရှာဖွေတွေ့ရှိထားခြင်းဖြစ်သည်။

လူ ၁၂၂ ဦးကို တင်ဆောင်ထားသည့် တရုတ်နိုင်ငံထုတ် Shaanxi Y8 တပ်မတော် ကုန်တင်လေယာဉ်သည် ဇွန် ၇ ရက်နေ့တွင် မြိတ်မြို့လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ခရီးသည်များ၏ ထက်ဝက်ကျော်မှာ စစ်သည်များ၏ မိသားဝင်များဖြစ်ကြကာ ထိုအထဲတွင် ကလေးငယ် ၁၅ ဦးလည်း ပါဝင်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျန်သူများမှာ စစ်သည်များနှင့် လေယာဉ်အမှုထမ်းများ ဖြစ်ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar